ဘုန်းကြီးကျောင်းတွင် ပုန်းနေသည့် ရွာသား ၆ ဦးအား စစ်ကောင်စီ တပ်က သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်။

လောင်းလုံးမြို့နယ်အတွင်း ဘုန်းကြီးကျောင်းအတွင်း ရှောင်ပုန်းနေသည့် ရွာသား ၆ ဦးကို ဖမ်းဆီး ပစ်သတ်ကာ နေအိမ်များ၊ ကားနှင့် ဆိုင်ကယ်များကိုပါ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ရွာသားများက ပြော သည်။

သေဆုံးသွားသူများမှာ ဦးနော်အေး အသက် ၄၂ နှစ်၊ ကိုတင်ဌေး အသက် ၃၀ နှစ်၊ မောင်လှအောင် အသက် ၁၈ နှစ်၊ ကိုသန်းဝင်း အသက် ၃၁ နှစ်၊ ကိုကရင် အသက် ၃၀ နှစ်တို့ ၅ ဦး ဖြစ်ပြီး ကိုသံရိုးဆိုသူ တစ်ဦးမှာမူ အပြင်း အထန် ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံရွာသားများက ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း အင်အားဖြည့်တင်းရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၄ ရက်နေ့၊ နံနက် ၈ နာရီခန့်တွင် ကျောက်နီမော်ကျေးရွာမှ ညောပြင်ကျေးရွာသို့ ကား ၃ စီးဖြင့် သွားရောက်ခဲ့ပြီးနောက် ၁၀ နာရီ ခန့်တွင် အောက်ကျောက်ဝပ်ရွာသို့ ရောက်ရှိခဲ့ပြီး ထိုသို့ ဖမ်းဆီးပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၄၀ခန့်အရွယ် ရွာသားတစ်ဦးက “ဘုန်းကြီးကျောင်းမှာ ပုန်းနေတဲ့ ရွာသားတွေကို အရင်ဖမ်းသွားတာ။ အိမ်တွေကို အရင်မီးရှို့ပြီးမှ ဖမ်းထားတဲ့ ရွာသားတွေကို သစ်ပင်ကြီးတစ်ပင်အောက်မှာ ပစ်သတ်လိုက်တာ” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်နှင့်အတူ ကျောက်နီမော်ကျေးရွာမှ ပျူစောထီးများပါဝင်ခဲ့ပြီး အင်အား ၅၀ ခန့်ရှိကာ အောက် ကျောက်ဝပ် ကျေးရွာအနီး တောတောင်များအတွင်း ဝင်ရောက်ရှာဖွေခြင်းများ၊ နေအိမ်များကို မီးရှို့ခြင်းတို့နှင့် အတူ ရွာသားများကို ဖမ်းဆီးကာ ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာလမ်းတစ်လျှောက် လက်နက်ကြီးများဖြင့်လည်း အဆက် မပြတ် ပစ်ခတ်ကာ ဝင်ရောက်လာခြင်းဖြစ်ဟု ဆိုသည်။

ထို့အပြင် ဇင်းကျွန်းမှ ရသေ့တစ်ပါး၏ လုပ်ငန်းသုံးကားတစ်စီး၊ သုံးဘီးဆိုင်ကယ်တစ်စီး အပြင် နေအိမ် ၅ လုံး လည်း မီးရှို့ဖျက်ဆီးခံလိုက်ရသည်။

အောက်ကျပ်ဝပ်ကျေးရွာတွင် မတ်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြားက တိုက်ပွဲများကြောင့် ရွာသားများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ရွာသား တစ်ဦးက ပြောသည်။

လက်ရှိအချိန်အထိ ရွာသားအများစုမှာ ကျေးရွာအတွင်း ဝင်လာမရဲကြသေးဘဲ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

နေအိမ်များ မီးရှို့ဖျက်ဆီးပြီး ရွာသားများအား ပစ်သတ်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့မှာ မွန်းတည့် ၁၂ နာရီအချိန်ခန့် တွင် နေ့ချင်း ကျောက်နီမော်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။

ကျောက်နီမော်ကျေးရွာ နှင့်အောက်ကျောက်ဝပ်ကျေးရွာတို့သည် ထားဝယ်ဒေသအတွင်း ရှင်ကိုးရှင်ဘုရား တစ် ဆူ အဖြစ် နာမည်ကျော်ကြားသည့် ရှင်မော်ဘုရားဆီသို့ သွားရာလမ်းမပေါ်တွင် တည်ရှိသည်။

မတ်လ ၂ ရက်နေ့က လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်နှင့် ကျောက်ဝပ်ပြင် အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနှင့် ပျူစောထီး ၁ ဦး သေဆုံးခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။