PDF များနှင့် သိသူတစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် သိကျွမ်းရင်းနီးသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေ ဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ လဲရှောင်ကျေးရွာတွင် မတ်လ ၃ ရက်နေ့၊ ညနေ ၆ နာရီ အချိန် ခန့်တွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

အသက် ၅၀ နှစ်အရွယ် ရွာသားတစ်ဦးက “သူ့အိမ်မှာပဲ ပစ်သတ်ခံလိုက်ရတာပါ၊ သူကအပြော အဆိုမတတ်ဘူး။ အကြောင်းမသိတဲ့ သူတွေကတော့ မျက်မုန်းကျိုးတာပေါ့၊ စိတ်ရင်းကကောင်းပါတယ်” ဟု ပြောသည်။

ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် လူ ၃ ဦးက နေအိမ်တွင်ရှိနေသည့် ဦးထွန်းဇော်ဦး အသက် ၄၀ နှစ် ကို သေနတ် ဖြင့် ၆ ချက် ပစ်ခတ်ခဲ့ကြရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ဆိုသည်။ မည်သူမည်ဝါက ပစ်သတ်သွားသည်ကိုမူ မသိရသေးဘူးဟု ဆိုသည်။

သေဆုံးသွားသူ ဦးထွန်းဇော်ဦးသည် လောင်းလုံးမြို့နယ် မြို့ဟောင်း ကျေးရွာသားဖြစ်ပြီး လဲရှောင်ကျေးရွာသူနှင့် အိမ်ထောင်ကျကာ အဆိုပါ ကျေးရွာတွင် နေထိုင်သည်မှာ ၁၀ နှစ်နီးပါးရှိပြီ ဖြစ်သည်။

ပစ်သတ်ခံရသူ၏ အလောင်းအနီးတွင် ပွိုင့် ၃၈ အမျိုးအစား ကျည်ခွံများကို တွေ့ရှိရသည်ဟု ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ရေဖြူမြို့နယ်ထဲတွင် စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလျှက်ရှိပြီး မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။

ထိုသို့ ပစ်ခတ်မှုများအပြင် နှစ်ဖက်ကြား အပြန်အလှန် မိုင်းထောင်ခြင်း၊ စစ်တပ်ကောင်စီတပ်နှင့် နီးစပ်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီနှင့် ပူးပေါင်းသူများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များလည်း ပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိသည်။

အလားတူး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နောက်ဖက်ကမ်းရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် ပညာရေးမှူး အိမ်လည်း ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာရှိ စစ်ကောင်စီတပ် ၏ ထားဝယ်ရေနက်ဆိပ်ကမ်း ရဲစခန်းအား ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နံနက် ၇ နာရီခွဲ အချိန်ခန့်က က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ဗထူးစစ်ကြောင်းနှင့်အတူ ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အဆောက်အဦ (၂) ခု ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦး ကျဆုံးကာ (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။