ပျူစောထီးခေါင်းဆောင်ဆိုသူ သေနတ်ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်။
လောင်းလုံးတွင် ပျူစောထီးခေါင်းဆောင်ဟု နာမည်ကျော်ကြားသူ တစ်ဦး ဆိုင်ကယ်မောင်းလာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောသည်။
ပစ်ခတ်ခံရသူမှာ ဦးမင်းသိန်း အသက် ၅၀ နှစ် ဆိုသူဖြစ်ပြီး မတ်လ ၅ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် ပစ် ခတ်ခံခဲ့ရခြင်း ဖြစ်သည်။
“ပေါင်ကိုပဲ ထိသွားတာပါ၊ သူ့မှာ သေနတ်အတိုတစ်လက်၊ အရှည်တစ်လက်ရှိတယ်။ မြို့ပေါ်မှာ သူ့ကြောင့် ဖမ်း ခံရတဲ့သူတွေ များတယ်” ဟု အသက် ၃၅ နှစ်အရွယ် မြို့ခံတစ်ဦးက ပြောသည်။
ဆိုင်ကယ်မောင်းနှင်လာသည့် ဦးမင်းသိန်းကို လောင်းလုံးမြို့ပေါ်ရှိ ညောင်ပင်လမ်းဆုံအနီး အသင့်စောင့်ဆိုင်း နေ ကြသည့် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ပျူစောထီးခေါင်းဆောင် ဦးမင်းသိန်းသည် လက်နက်ကိုင်ဆောင်ထားသူဖြစ်ပြီး လက်အောက်အဖွဲ့ဝင် ၁၀ ဦး ခန့်ရှိကာ ယခင်ကလည်း နေအိမ်တွင် ဝင်ရောက် ပစ်ခတ်ခံရခြင်းမျိုးရှိခဲ့သော်လည်း ယခုကဲ့သို့ ထိခိုက်မှုမရှိခဲ့ဘူး ဟု ဆိုသည်။
ဦးမင်းသိန်း ပစ်ခတ်ခံရပြီးနောက် မိနစ် ၂၀ ခန့်အကြာမှ အရေးပေါ် လူနာတင်ကားဖြင့် လာရောက် တင်ဆောင် သွားသည်ဟု လောင်းလုံးမြို့ခံက ဆိုသည်။
ပစ်ခတ်ခံရသည့် နေရာသို့ လောင်းလုံးရဲစခန်းတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများရောက် ရှိလာပြီး အနီးဝန်းကျင်ကို သေနတ်ဖြင့် ပစ်ခတ်ခြင်းများနှင့် လမ်းသွားလာသူများအား စစ်ဆေးမေးမြန်းမှုများ လုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ညနေပိုင်းအချိန်ထိ လောင်းလုံး ရဲစခန်းအရှေ့တွင်လည်း လမ်းသွားလမ်းလာများကို အလားတူ စစ်ဆေးနေခြင်း များနှင့် လောင်းလုံး-ထားဝယ် ဆက်သွယ်ထားသည့် ကမျောကင်း တံတား၌လည်း ဖြတ်သန်းသွားလာသူများ အား အစစ်အဆေး တင်းကြပ်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။