စစ်ကောင်စီတပ်က ဝန်ထမ်းကားတစ်စီးကို ပစ်ခတ်၊ ၅ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်။
ထားဝယ်ခရိုင်အတွင်း ဘောလုံးကန်ပြီး ပြန်လာသည့် ဝန်ထမ်းကားတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။
ဆောက်လုပ်ရေးဝန်ထမ်းများ ဘောလုံးကန်ပြီး ပြန်လာသည့် TOWN AICE အဖြူရောင် ကားတစ်စီးကို စစ် ကောင်စီ တပ်ဖွဲ့က ပစ်ခတ်ခဲ့သဖြင့် ကားပေါ်တွင် ပါလာသူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး တို့ အပြင်း အထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရေးပေါ်ကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောသည်။
ဝန်ထမ်းတစ်ဦးက “ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်က ကားနားခိုင်းတာ ကားမောင်းသမားက မနားပေးလို့ ပစ်တာလို့ပြောတယ်။ အရှိန်နဲ့ မောင်းလာတဲ့ကားက ရုတ်တရက် ချက်ချင်းရပ်လို့မှ မရတာ အရှိန်ရှိနေသေး တာ။ တမင် အကြောင်းရှာပစ်တာ” ဟု ပြောသည်။
ထားဝယ်ခရိုင် ရေဖြူမြို့မှ ကလိန်အောင်မြို့သို့ အပြန် ခရီးမောင်းနှင်လာစဉ် ကျောက်ရှပ်ကျေးရွာအနီးက မိုင် တိုင် ၄၀ အရောက်တွင် မတ်လ ၅ ရက်နေ့၊ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ပစ်ခတ်ခံခဲ့ခြင်း ဖြစ်သည်။
ကားပေါ်လိုက်ပါလာသူ စစ်ကောင်စီ လက်အောက်ခံ ဆောက်လုပ်ရေးဝန်ထမ်း အလုပ်သမား ၁၅ ဦး အနက် ၅ ဦး မှာ ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ကလိန်အောင်မြို့ ဆေးရုံ၌ ဆေးကုသမှုခံယူနေကြရ သည် ဟု ကားအတွင်းပါဝင်သူ ဝန်ထမ်းတစ်ဦးက ပြောသည်။
ဆေးကုသမှုခံယူနေရသူများမှာ မရမ်းချောင်းကျေးရွာမှ နှစ်ဦး၊ ကလိန်အောင်မြို့မှ တစ်ဦးနှင့် ကျောက်ရှပ်ကျေး ရွာသား နှစ်ဦးတို့ ဖြစ်ကြသည်။
စစ်ကောင်စီတပ်မှ ကြိုတင် တားဆီးခြင်းမျိုးမရှိဘဲ အနားကပ် ဖြတ်သန်းချိန်မှသာ အော်ဟစ်တားဆီးကာ ပစ် ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကားပေါ်တွင် ပါလာသည့် အခြားဝန်ထမ်းတစ်ဦးက ဆက်ပြောသည်။
ပြီးခဲ့သည့် နှစ်ကလည်း ရေဖြူမြို့နယ်၊ ကျောက်လုံးကြီး ဘုရားအနီးတွင် ဆိုင်ကယ်ဖြင့် အသုဘသွားသူ လူငယ်
နှစ်ဦးကို ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့ ဖူးသေးသည်ဟု ဒေသခံများက ဆိုသည်။