ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို တပ်ထောက်ခံသူများနှင့် လဲလှယ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်။

ပုသိမ်တွင် ယခင် ရပ်ကျေး အုပ်ချုပ်ရေးမှူး အားလုံးကို ဖယ်ရှားပြီး တပ်ထောက်ခံသည့် ငွေပေးနိုင်သူများကို ဦးစားပေးခန့်နေသည်ဟု အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူများက ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်းက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး အားလုံးကို စစ်ကောင်စီက ဖယ်ရှား ကာ တပ်ထောက်ခံသည့် ငွေပေးနိုင်သူ (လာဘ်ထိုးနိုင်သူ)များကို ဦးစားပေးခန့်ထားလိုက်သည်ဟု စစ်ကောင်စီ၏ အုပ်ချုပ်မှု စီမံခန့်ခွဲရေးရုံး နှင့် နီးစပ်သူများက ပြောသည်။

အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူ တစ်ဦးက “အုပ်ကြီးဖြစ်ချင်ရင် ရေလောင်းရတယ်။ အုပ်ဈေးက ကောင်းတယ်။ ရေများများသာလောင်း အုပ်ကြီးဖြစ်တယ်။ လုပ်ချင်တဲ့ကောင်က အနည်းဆုံး တစ်ယောက် သိန်း ၂၀ ပေးရ တယ်။ အလုအယက် လုပ်ချင်သူတွေ ရှိနေတော့ ပို ပေးတဲ့ကောင် အုပ်ကြီး ဖြစ်တယ်” ဟု ပြောသည်။

စစ်ကောင်စီ က ယခင် အုပ်ချုပ်ရေးမှူးဟောင်းများကို မတ်လ ၃ ရက်နေ့၊ နံနက်ပိုင်းက ဖယ်ရှားလိုက်ပြီ ဖြစ် ကြောင်း ခေါ်တွေ့ကာ ပြောကြားပြီး အသစ်ခန့်ထားသည့် သူများကို မွန်းလွဲပိုင်းတွင် ခေါ်ယူတွေ့ဆုံပြီး အုပ် ချုပ် ရေးမှူး တာဝန်ပေးအပ်ကြောင်း ပြောဆိုကာ မတ်လ ၆ ရက်နေ့မှ စတင်၍ လုပ်ငန်းတာဝန် အသက်ဝင်ပြီဟု ဆို သည်။

စစ်ကောင်စီက အသစ်ခန့်လိုက်သည့် အုပ်ချုပ်ရေးမှူးများမှာ ပြည်ခိုင်ဖြိုး ရပ်ကျေး စည်းရုံးရေးမှူးများ နှင့် တပ် ထွက်များအထဲမှ ပိုက်ဆံ လာဘ်များများ ထိုးနိုင်သည့်သူများကသာ အုပ်ချုပ်ရေးမှူး ဖြစ်သွားကြသည်ဟု အုပ် ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ဆက်ပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသစ်ထဲများတွင် လိုင်စင်မဲ့ အရက်ဆိုင်ဖွင့်ပြီး အရက်ရောင်းသူ၊ မဲထည့် တံဆိပ် တုံး အတုလုပ်သဖြင့် တရားစွဲခံရသူ၊ အခြားသူ ကိုယ်စား မဲလိမ်ထည့်ခဲ့သဖြင့် တရားစွဲခံရသူ၊ လူသတ်မှုဖြင့် ထောင်ကျပြီး မိုက်ကြေးခွဲနေသူ၊ သူခိုးမွေးပြီး ခိုးရာပါ ပစ္စည်းထုခွဲရောင်းချသူများနှင့် လောင်းကစားဝိုင်း ဒိုင်လုပ် နေသူများလည်း ပါဝင်သည်ဟု မြို့ခံများက ပြောသည်။

အမှတ် ၄ ရပ်ကွက်နေထိုင်သူတစ်ဦး က ”တို့ရပ်ကွက် အုပ်ကြီးအသစ်က ကြံ့ဖွတ် ရပ်/ကျေး စည်းရုံးရေး မှူး ဒလန်လေ။ ဒါပေမယ့် လင်မယား နှစ်ယောက်စလုံးက မဲလိမ်ထည့်လို့ တရားစွဲ ခံရတဲ့သူတွေ” ဟု ပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖြစ်ရေးအတွက် ပုသိမ်မြို့ အမှတ် ၁၊ ၄၊ ၇၊ ၈၊ ၁၂ နှင့် ၁၃ ရပ်ကွက် တို့က အုပ် ချုပ်ရေးမှူး အသစ်များကဲ့သို့ မဘသအဖွဲ့ဝင် ဒလန်များ၊ ပျူစောထီးများကလည်း သူထက်ငါ အလုအယက် လာဘ်ထိုးကာ ကြိုးပမ်းကြသည်ဟု အထွေထွေ အုပ်ချုပ်ရေးရုံး အသိုင်းအဝိုင်းထံမှ သိရသည်။

ပုသိမ်မြို့နယ်တွင်း မြို့ပေါ် ရပ်ကွက် ၁၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၅ အုပ်စု ရှိပြီး ရပ်ကွက်နှင့် ကျေးရွာ အုပ် ချုပ်ရေးမှူးများကို အပြောင်း အလဲ ပြုလုပ်ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရခေတ်က ပြည်သူ ရွေးချယ် ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများ အားလုံးကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲစနစ်ကို အချိုးကျ ကိုယ်စားပြု (PR) စနစ်ဖြင့် ပြောင်းလဲမည့် စစ်ကောင်စီက ဧရာဝတီတိုင်း အ တွင်းရှိ မြို့နယ် ၂၆ မြို့နယ်ထဲက ယခင် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုလည်း တပ်ထောက်ခံသည့် ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ စစ်တပ်ထွက်များဖြင့် အပြောင်းအလဲ လုပ်နေသည်ဟု ဒေသခံများက ပြောသည်။