လက်နက်ကြီးကြောင့် အသက် ၈၀ အရွယ် အဘွားအို သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်။

ရေးမြို့နယ်တွင် စစ်ကောင်စီ အမြောက်တပ် က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၈၀ အရွယ် အဘွားအိုတစ်ဦး ထိမှန်သေဆုံးသွားသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သာယာကျေးရွာတွင် မတ်လ ၅ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်က စစ် ကောင်စီ အမြောက်တပ်ရင်း-၃၀၇ က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ကာ အသက် ၈၀ အရွယ် ဒေါ်ထို့မူး ဆိုသူ ထိမှန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “အမြှောက်တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက အောင်သာယာရွာက လူနေအိမ်ပေါ် မှာ ကျကွဲသွားတယ်။ အဲမှာ အသက် ၈၀ အရွယ် အဘွားအိုတစ်ဦး ထိသွားတယ်။ ဗိုက်မှာ ထိသွားတယ်။ ဒဏ်ရာ ကတော့ ပြင်းထန်တယ်” ဟု ပြောသည်။

ဗိုက်တွင် လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့သည့် အဘွားအိုကို လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီ ဖြင့် လမိုင်းမြို့ဆေးရုံ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် မော်လမြိုင်မြို့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ သည်ဟု ဒေသခံများက အတည်ပြု ပြောသည်။

ရေးမြို့နယ် မော့ကနင်ကျေးရွာ အခြေစိုက် စစ်ကောင်စီ အမြှောက်တပ်ရင်း – ၃၁၇ မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့က လည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကနင်ကမော့ကျေးရွာ ဘေးရှိ စုစည်းမြိုင်ရွာ (ရိုးဖို့ဂေဟ်) ဘုန်းကြီး ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲကာ အသက် ၁၀ နှစ်အရွယ် ကိုရင်လေးတစ်ပါး ပျံလွန်တော်မူပြီး ဦးဇင်းတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇန္နဝါရီလအတွင်းကလည်း ရေးမြို့နယ် အမြောက်တပ်ရင်း-၃၁၇ မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကနင် ကမော့ကျေးရွာက အမျိုးသမီးနှစ်ဦး ထိမှန်ဒဏ်ရာများရရှိခဲ့ သေးသည်။

ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်၊ ပြည်သူ့ကာကွယ်တို့အကြား ပစ်ခတ်မှုများ မကြာ ခဏ ဖြစ်ပွားလေ့ရှိသည်။

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပြီးတိုင်း ရေးအခြေစိုက် စစ်ကောင်စီ တပ်ရင်းများက ပြည်သူများနေထိုင်ရာသည့် ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ရမ်းသမ်း ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပစ်ခတ်တိုက်ခိုက်များ မကြာခဏ ဖြစ်ပွားနေသည့် ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့်အပြင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့်လည်း ထပ်မံထုတ်ပြန်ထားသည်။