တရုတ်နယ်စပ် စစ်ဆေးမှုများ တိုးများလာ၍ ကုန်ကားများကြန့်ကြာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ကျင်စန်းကျော့ – ဝမ်တိန် နယ်စပ်ဂိတ် တရုတ်ဘက်ခြမ်းတွင် စစ်ဆေးမှုများ တင်းကြပ်လာသည့်အတွက် ကုန်ကားများကြန့်ကြာကာ ကုန်ကျစရိတ်များ ပိုကုန်နေသည်ဟု လုပ်ငန်းရှင်များ က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မြန်မာ-တရုတ်နယ်စပ်ဂိတ် ချင်းရွှေဟော်ဂိတ်မှ တရုတ်နိုင်ငံဖက်သို့ ဝင် ရောက်သွားသည့် ကားပေါ်တွင် မူးယစ်ဆေးများ ဖမ်းမိပြီးနောက် တရုတ်ဖက်က နယ်စပ်ဂိတ်များတွင် စစ်ဆေးမှု များကို တင်းကြပ်စွာ လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ဒေသံများက ပြောသည်။
နယ်စပ်ကုန်သည် လုပ်ငန်းရှင် တစ်ဦးက “အခုက စစ်ဆေးရေးက တရုတ်ဘက် တအားကြပ်တယ်နော်။ မူးယစ် ဆေးဝါးတွေ (ချင်းရွှေဟော်) လောက်ကိုင်ဘက် မိတဲ့ဟာတွေလေ။ အဲဒါကြောင့်” ဟု ပြောသည်။
ကုန်ကား အဝင်၊ အထွက် ကြပ်လာခြင်းကြောင့် မြန်မာဘက်မှ တင်ပို့ကုန်၊ တရုတ်ဘက်က တင်သွင်းကုန် ကား များသည်လည်း ထွက်ခွာနိုင်ရန် ကုန်တင်ပြီး အနည်းဆုံး ၅ ရက်မှ ၁၀ ရက် ဝန်းကျင်ခန့်အထိ ကြန့်ကြာနေသည်။
စစ်ဆေးမှု တင်းကြပ်ထားသောကြောင့် ကုန်ကားအဝင်အထွက် ကြန့်ကြာလာသလို ရက်ချိန်းများလည်း ပိုကြာ မြှင့်လာသည့် အတွက် သစ်သီးများ ပျက်စီးသွားမည်ကို ကုန်သည်များက စိုးရိမ်နေကြသည်ဟု ဆိုသည်။
ကုန်သည်တစ်ဦးက “ကုန်ကတော့ တော်တော်များများ မြဝတီဘက် ရောက်သွားပြီ။ ကျင်စန်းကျော့မှာတော့ ဖရဲသီးတွေ၊ သခွားမွှေး တွေ၊ မလှည့်နိုင်တဲ့ ပစ္စည်းတွေပဲ ကျန်တော့တာ” ဟု ပြောသည်။
ရက်ကြာရှည် နယ်စပ်တွင် စောင့်ဆိုင်းရသဖြင့် ကားသမားများအနေဖြင့်လည်း စားသောက်စရိတ် ပိုထောင်းကာ အမြတ်မကျန်ဖြစ်မှာကို စိုးရိမ်သည်ဟု ကားသမား တစ်ဦးက ပြောသည်။
“ကျနော့်ကုန်သည်လည်း ဝမ်တိန်က ထွက်လာမယ့်ကားတောင် ထွက်လာလို့ မရသေးလို့တဲ့။ အဲဒါကြောင့် ဘာ လုပ်လို့ လုပ်ရမှန်းတောင် မသိဘူး။ ဘယ်ချိန်ရောက်မလဲ တောင်မသိဘူး။ ကျနော်တို့နဲ့ ချိန်မယ့်ကား တရုတ် ကားက မထွက်လာသေးလို့ ကျနော်တို့လည်း ဘယ်မှ မသွားရသေးဘူး။ ကျနော်တို့ ကုန်သည်လည်း အဲ့လိုပြော နေလို့ လေ။ အဲဒါကြောင့် ကုန်က မချိန်းရသေးတာ။ ၁၀၅ မိုင်မှာပဲ ရှိသေးတယ်။”
တရုတ်ဘက်ခြမ်း ကားများစစ်ဆေးသည့် ကွင်းတွင် ကုန်တင်ကားများ ပြည့်သွားသဖြင့် ကုန်ကားများ မထွက် သွားမချင်း၊ နေရာမလွတ်မချင်း မြန်မာဘက်ခြမ်းမှ ကားများကို တရုတ်ဘက်မှ ယာဉ်မောင်းများကို လာမမောင်း ယူခိုင်းသည့်အပြင် မြန်မာဘက်ခြမ်းမှ ကားများလည်း မဝင်လာခိုင်းခြင်းကြောင့် နပ်စပ်တွင် ကြန့်ကြာနေခြင်း ဖြစ်သည်ဟု နမ့်တောင်း ဒေသခံ တစ်ဦးက ပြောသည်။
နမ့်တောင်း ဒေသခံ တစ်ဦးက “မီးသွေးကားမှာ ဆေးမိတာက လောက်ကိုင်၊ ချင်းရွှေဟော်ဘက်။ ဟိုဘက် စစ်ဆေးရေး တင်းကြပ်တော့ ကားကွင်းပြည့်သွားလို့ (တရုတ်ဘက်ကလည်း) ကားလာ မမောင်းယူတော့တာ” ဟု ပြောသည်။
ကားပါးသော်လည်း တရုတ်ဘက်မှ ကုန်လာချိန်းယူမည့် ကားများ ထွက်မလာနိုင်သောကြောင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် စောင့်ဆိုင်းနေသည်မှာ ၅ ရက်ခန့် ကြာနေပြီ ဖြစ်သည်ဟု မန္တလေး-ကျင်စန်းကျော့ ပို့ကုန် ယာဉ်မောင်း တစ်ဦးက ပြောသည်။
“ကျနော်တို့လည်း တရုတ်ကား ထွက်လာမှ ချိန်းမယ်လို့ ပြောလို့ စောင့်နေတာ။ ငါးမိုင်ထဲ ကားအရမ်းပါးတယ်။ ကားခတွေလည်း ဈေးအရမ်းကျတယ်။ ကားပါးတယ်ဆိုတာ ကျင်စန်းကျော့ကို ဆင်းတဲ့ ကားက ခါတိုင်း ၁၀၀ ရာခိုင်နှုန်းမှာ ခု ၄၀ ရာခိုင်နှုန်းပဲ ရှိတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်ဂိတ်ဘက်မှ တရုတ်နိုင်ငံ မိန်း တိန် နယ်စပ်သို့ ဝင်လာပြီး တရုတ်ပြည်မသို့ ပို့မည့် မီးသွေးကားအား မသင်္ကာသဖြင့် တရုတ် စစ်ဆေးရေးဂိတ် တာဝန်ရှိသူများက စစ်ဆေးရာ (မီးသွေးအချောင်း ပုံစံဖြင့် လုပ်ထားသည့် မူယစ်ဆေးချောင်း ၈၇၄ ချောင်း) ၉၃.၃၇၄ ကီလို ဂရမ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပေါက်ဖော် အပါအဝင် တရုတ် နယ်စပ်ဒေသ သတင်းများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံဘက်မှ တင်ပို့လာသည့် မီးသွေးအိတ်များထဲမှ မူးယစ်ဆေးဝါးများ စစ်ဆေးတွေ့ရှိခဲ့သည် ဆိုသည့် အကြောင်းပြချက်ဖြင့် တရုတ်ဘက်က နယ်စပ် အဝင်၊ အထွက် ကုန်များကို အသေးစိတ် ဖောက်ကာ စစ်ဆေး နေသည့်အပြင် ဖောက်စစ်ခံရသည့်ကားများမှာ တစ်စီးကို ၂ ရက်ခန့်ကြာကာ ခါတိုင်းထက် ရက်ပိုကြန့်ကြာနေ သည်ဟု တရုတ်ဘက်က မြန်မာလုပ်ငန်းရှင်များက ပြောသည်။
Photo – ပေါက်ဖော်