ရေဦးတွင် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်၊ ကလေးငယ် တစ်ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်။
ရေဦးမြို့နယ် အောင်သာယာကျေးရွာမှ ထွက်လာသည့် စစ်တပ်က စစ်ရှောင်ပြည်သူများ နေထိုင်သည့်ဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အသက် ၉ နှစ်အရွယ် သမီးငယ်လေး တစ်ဦး သေဆုံးခဲ့ပြီး လူကြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
အောင်သာယာကျေးရွာမှ ထွက်လာသည့် စစ်တပ်က ရေဦး-ခင်ဦး-ကန့်ဘလူအစပ် ကန့်ဘလူနယ် ကျီစုကျေးရွာ ဘက်မှ စစ်ကြောင်းထိုးလာပြီး ခင်ဦးမြို့နယ်အတွင်းရှိ ငါးရုံကြီး၊ ရှားတော၊ မုံလှကျေးရွာတို့မှ တောထဲတွင် တိမ်း ရှောင်နေကြသည့် ပြည်သူများဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်ကြောင်းမှာ ရွှေဘို ခမရ ၄၄ တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကြောင်း ဖြစ်ပြီး ပြည်သူများဘက်သို့ ရမ်းသမ်း ပစ်ခတ်နေသည်ဟု ဒေသခံပြည်သူများက ပြောသည်။
ဒေသခံတစ်ဦး က “မုံလှက နှစ်ယောက်ရယ်၊ နားထင်မှန်သွားတာက ကလေးမက ၉ နှစ်သမီးလေးလေ၊ နားထင် မှန်ပြီးတော့ ကုပေးသွားသေးတယ်ဗျ။ ကုပေးသွားပြီးတော့ အဲ့မှာက စစ်ရှောင်တွေဆိုတော့လေ စစ်ဆင် ရေးမှာ စစ်ရှောင်တွေကို အဲ့လိုမျိုး ပစ်ရလားဘာညာဆဲသွားပြီးတော့လေတဲ့။ သူတို့က အဲ့လိုမျိုး ပြောပြတယ်။ ၅၅ နှစ် ခန့် အမျိုးသား ဒီယောက်ကျားကြီးကတော့ လက်မောင်းရှပ်မှန်တာ။ မုံလှအရှေ့ဘက်ကပေါ့။ တစ်ယောက်က တော့ ကျည်ထိသွားတာလို့ ပြောတယ်” ဟု ပြောသည်။
မုံလှကျေးရွာ အရှေ့ဘက်က စစ်ရှောင်များရှိသော နေရာကို မတ်လ ၆ ရက်နေ့၊ ညနေ ၂ နာရီခွဲ အချိန်ခန့်၌ လက် နက်ကြီး/ငယ် များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ရာ မုံလှကျေးရွာမှ အသက် ၉ နှစ်အရွယ် သမီးလေးမှာ နားထင် ကျည်ထိမှန်ကာ နောက်စိပေါက်ထွက်ပြီး သေဆုံးခဲ့သည်။
ထို့အပြင် သက်ကြီးပိုင်း အမျိုးသားနှစ်ဦးလည်း ကျည်ဆန်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရသည်ဟု ကူညီပေးနေသူများက ပြောသည်။
ထိမှန်ဒဏ်ရာ ရရှိသူများမှာ မုံလှကျေးရွာမှ စစ်ရှောင်ပြည်သူ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး လက် မောင်းကျည်ထိမှန်ခဲ့သည့်အပြင် အသက် ၄၀ နှစ်ခန့်အရွယ် ကျီစုကျေးရွာမှ အမျိုးသားတစ်ဦးမှာ ခြေထောက် ကျည်ဆန် ထိမှန်ခဲ့သဖြင့် ခြေတဖက် ဆုံးရှုံးရနိုင်သည့် အခြေအနေမျိုးနှင့် ကြုံနေရသည်ဟု ကူညီပေးနေသူများ က ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက “ဘယ်အချိန်လဲဆိုတော့ ညနေ ၂ နာရီခွဲ ၃ နာရီလောက်တုန်း ဖြစ်တာ။ အခုက မှံလှ အရှေ့ဘက်ကနေ ပစ်တာ။ စစ်ရှောင်တွေက အဲ့ဒီနားက တဲတွေမှာ ရှိတယ်။ အခုက မုံလှရွာထဲလည်းမဝင်ဘူး၊ ကျီစုရွာထဲလည်းမဝင်ဘူး။ ပင်စိမ်းခင်းရွာထဲလည်း မဝင်ဘူး။ အခုတော့ ဒီကလုံရွာထဲ ဝင်သွားပြီ” ဟု ပြောသည်။
ထို့နေ့ ညတွင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ကျီစုကျေးရွာနှင့် ပင်စိမ်းခင်းကျေးရွာ ကြားမှ ဖြတ်ကာ ခင်ဦးမြို့နယ်အတွင်းရှိ ကလုံကျေးရွာ၌ ညအိပ်စခန်းချခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။
မတ်လ ၆ ရက်နေ့ စစ်ကြောင်းထိုး ဝင်ရောက်ကာ ပစ်ခတ်ခံခဲ့ရသည့် မုံလှကျေးရွာသည် ကာဒီနယ်လ် ချားလ် မောင်ဘို ၏ ရွာဖြစ်ပြီး ခရစ်ယာန် ဘာသာရေးကျောင်းများပါ မကျန် လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ကျေးရွာအားလည်း မီးရှို့ခံထားရ သည့် ကျေးရွာတစ်ရွာဖြစ်သည်။
အလားတူ မုံလှကျေးရွာအနီးရှိ ကျီစုကျေးရွာထဲက ပြည်သူလူထု၏ နေအိမ်များ၊ အစ္စလာမ်ဘာသာဝင်များ၏ ဗလီကျောင်းများ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ အားလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီး ခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူများလည်း အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံထားရသည့် ကျေးရွာဖြစ်သည်။