ရိုဟင်ဂျာစခန်း မီးလောင်မှု ကလေး ၃၀၀ ကျော် နှင့် မိသားစုများ ပျောက်ဆုံးနေဆဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်။
ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင်မှုတွင် မတ်လ ၇ ရက်နေ့အထိ ကလေးငယ် ၃၀၀ ကျော် အပါအဝင် မိသားစု များ ကွဲကွာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။
ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ ကောဇ့်ဘဇားခရိုင်၊ အိုခီးယားမြို့ရှိ ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မတ်လ ၅ ရက်နေ့၊ နေ့လည်ပိုင်းက အိမ်ခြေ ၂၅၀၀ ကျော် မီးလောင်သွားခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုကို ဘင်္ဂလားဒေ့ရှ်စစ်တပ်၊ ဘင်္ဂလားဒေ့ရှ် မီးသတ်အဖွဲ့နှင့် အထူးလေ့ကျင့်ပေးထားသည့် ရိုဟင်ဂျာ မီးသတ် volunteer အဖွဲ့များက ၃ နာရီကျော် အကြာ ငြိမ်းသတ်ရပြီး လေပြင်းထန်နေသောကြောင့် ညနေ ၆ နာရီ မှ မီးစွယ်ကျိုးခဲ့သည်ဟု ဆိုသည်။
ရိုဟင်ဂျာ ဒုက္ခသည် ရိုအောင်မြိုင် ဆိုသူက “အဓိက စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရသူတွေကို မိုဘိုင်းတင်း အနေ နဲ့ ပြုစုနေတယ်” ဟု ပြော သည်။
မီးလောင်မှုကြောင့် လူပေါင်း ၂၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိပြီး ရိုဟင်ဂျာ ဒုက္ခသည် စုစုပေါင်း ၁၂၀၀၀ ကျော် ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်ဟု ပြောသည်။
ထို့အပြင် ဒုက္ခသည်များကို ကူညီပေးနေသည့် ဆေးရုံ၊ စာသင်ကျောင်း အစရှိသည့်ဌာန ၉၅ ဌာန လည်း မီးထဲပါ သွားသည်ဟု ရိုအောင်မြိုင်က ပြောသည်။
International Organization for Migration (IOM) နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ အကူအညီပေးရေးအဖွဲ့ ၏ ဆေးအဖွဲ့က အဖွဲ့သုံးဖွဲ့ခွဲပြီး ထိခိုက်ဒဏ်ရာရသူများကို ကုသပေးနေပြီး အခြား အဖွဲ့ သုံးဖွဲ့ကလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်သူများကို ကုသပေးနေသည်ဟု ပြောသည်။
ဘာလုခါလီ ဒုက္ခသည်စခန်းထဲတွင် အိမ်ခြေ ၇၀၀၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀၀ ကျော်ရှိကာ မီးလောင်သည့် နေရာမှာ ဘာလိုခါလီ အမှတ် (၂)၊ စခန်း ၁၁ နေရာတွင် ဖြစ်ပြီး၊ အိမ်ခြေ ၂၅၀၀ ကျော်နှင့် အတူ ကျောင်း ၃၅ ကျောင်း၊ ဗလီ ၁၅ လုံး၊ ဆေးရုံတို့လည်း မီးထဲပါသွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများသည် နှစ်စဉ် နွေရာသီရောက်တိုင်း မကြာခဏ မီးလောင်လေ့ရှိသည်ဟု IOM အဖွဲ့ တာဝန်ရှိသူ Samuel Falsis (Head of The Humuntarian Assistance and Operations) က IOM ရုပ်သံတွင် ပြောကြားခဲ့သည်။
လတ်တလော အခြေအနေများအရ IOM (International Organization for Migration) အဖွဲ့က အမိုးအကာ လုံခြုံသည့် နေရာထိုင်ခင်းများအတွက် ပြန်လည်တည်ဆောက်ရန် လုပ်နေပြီး အခြား partner အဖွဲ့အစည်းများ ကလည်း ကူညီနေသည်ဟု ရိုအောင်မြိုင်က ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲတွင် ရိုဟင်ဂျာ ဒုက္ခသည် စုစုပေါင်း ၉ သိန်းကျော်ရှိပြီး လက်ရှိမီးလောင်မှုကြောင့် ရိုဟင် ဂျာဒုက္ခသည် တစ်သောင်းနှစ်ထောင်ခန့်လောက် မီးဘေးဒုက္ခသည်ဖြစ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သတင်းထုတ်ပြန်ထားသည်။