မအူပင် မြို့အဝင် ဆိုင်းဘုတ်အနီး ဗုံးကွဲ၊ စစ်သားနှင့် ရဲအချို့ ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်။
စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များ ရှိနေသည့် မအူပင်မြို့အဝင် ဆိုင်းဘုတ်အနီး ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ခဲ့သည်ဟု ဒေသခံများကပြောသည်။
ဧရာဝတီတိုင်း၊ မအူပင်မြို့၊ မအူပင် – ကျိုက်လတ်လမ်းပေါ်ရှိ မြို့ဝင်ဆိုင်းဘုတ်အနီးတွင် မတ်လ ၆ ရက်နေ့၊ ညနေ ၆ နာရီ အချိန်ခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“အဲ့ဒီနေရာကနေပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတယ်။ အကြောင်းမရှိ အကြောင်းရှာပြီး ငွေ တောင်းတာတွေ လုပ်နေတာ။ ပြည်သူ့စစ်တွေ သတင်းပေးတွေပါရှိတယ်” ဟု ဆိုင်ကယ်စီးခရီးသွား ပြည်သူ တစ်ဦး က ပြောသည်။
ဗုံးပေါက်ကွဲချိန်တွင် စစ်သား၊ ရဲ၊ ပြည်သူ့စစ်နှင့် သတင်းပေးများ အပါအဝင် ၈ ဦးခန့်ရှိကြောင်း ဗုံးပေါက်ကွဲမှု ကြောင့် ထိခိုက်ဒါဏ်ရာရရှိမှုများရှိခဲ့သော်လည်း လူဦးရေ မည်မျှထိခိုက်သည်ကို အသေးစိတ် မသိရဘူးဟု အသက် ၃၀ ကျော် မအူပင်မြို့ခံ အမျိုးသမီးတစ်ဦး က ပြောသည်။
ထိုသို့ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် မအူပင်မြို့အတွင်း ပိတ်ဆို့ စစ်ဆေးမှုများကို စစ်ကောင်စီ လက်အောက်ခံ စစ်သား နှင့် ရဲတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခြင်းမရှိခြင်းကလည်း ထူးခြားနေသည်ဟု မြို့ခံတစ်ဦး က ပြောသည်။
မြို့ခံတစ်ဦးက “ကျိတ်ပြီးတော့ပဲ ရှာနေကြတာ။ လမ်းသွားလမ်းလာတွေကို စစ်တာဆေးတာ မရှိဘူးဗျ။ အရပ် ဝတ်တွေနဲ့ နယ်ထိန်းတွေ၊ သတင်းပေးတွေ အုပ်ချုပ်ရေးအဖွဲ့တွေက ဆိုင်ကယ်နဲ့ ကားနဲ့ ပတ်နေတာမျိုးပဲ တွေ့ တယ်” ဟု ဆက် ပြောသည်။
ယခင်က ယခုကဲ့သို့သော ပေါက်ကွဲမှုများ ဖြစ်ပွားပြီးတိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ ရဲ၊ ပြည်သူ့စစ်အဖွဲ့များက လမ်းမများကိုပိတ်ကာ တားဆီးစစ်ဆေးမှုများ ပြုလုပ်လေ့ရှိသော်လည်း ယခုအကြိမ်တွင် ထိုကဲ့သို့သော ပိတ်ဆို့တားဆီး စစ်ဆေးမှုမျိုး မရှိဘူးဟု မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် မအူပင် PDF တပ်ဖွဲ့ဝင်များနှင့် ဖျာပုံ PDF အဖွဲ့ဝင် စုစုပေါင်း ၁၉ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။
ထိုသို့ဖမ်းဆီးခံရပြီးနောက် မအူပင်မြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုများ၊ စစ်ကောင်စီ သတင်းပေး ရှင်းလင်း ခံရမှု ဖြစ်စဉ်များ မရှိခဲ့သည်မှာ ၆ လခန့်ကြာခဲ့ပြီဖြစ်နောက် ယခုနှစ်ထဲ ပေါက်ကွဲမှု ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခုဗုံးပေါက်ကွဲမှုသည် ၂၀၂၃ ခုနှစ်အတွင်း မအူပင်မြို့နယ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။