ဖမ်းဆီးခံရသော အမျိုးသား သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက် ပြန်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်။
ထားဝယ်တွင် အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ဖမ်းဆီးခံရပြီးနောက် တစ်ရက်အကြာတွင် သေနတ်ဒဏ်ရာ များဖြင့် သေဆုံးနေသည်ဟု ရွာသားများက ပြောသည်။
သေဆုံးနေသူမှာ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာသား ဦးကျော်သိန်း အသက် ၆၀ နှစ်ရှိသူ ဖြစ်ပြီး ဖမ်းဆီးခံရပြီး နောက် ၎င်း၏ အလောင်းကို လမ်းမဘေးတွင် တွေ့ရှိခဲ့ရသည်ဟု ရွာသားများက ပြောသည်။
အသက် ၄၀ ခန့်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက “သူက စစ်ကောင်စီသတင်းပေးလို့ ရွာအနီးတဝိုက်မှာ နာမည် ထွက်နေတာကြာပြီ။ အရင်ကလည်း အဲ့ဒီလမ်းပိုင်းမှာပဲ တစ်ခါပစ်ခတ်ခံရလို့ ဒဏ်ရာရရှိခဲ့ဖူးတယ်” ဟု ပြောသည်။
မတ်လ ၅ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်က ဇဟာကျေးရွာရှိ ဥယျာဉ်ခြံတစ်ခြံ အတွင်း မိသားနှင့်အတူ အလုပ် လုပ်ကိုင်နေစဉ် အမည်မသိ လူ ၅ ဦးက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ပြီး နောက်နေ့ (မတ်လ ၆ ရက်နေ့) နံနက်ပိုင်း ၁၀ နာရီခွဲ အချိန်ခန့်တွင် ဇဟာကျေးရွာ၊ ဖား အောက်တောရအနီး အသစ်ဖေါက်လုပ်ထားသည့် လမ်းဘေးတနေရာတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေ သည့်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးနေသူ၏အလောင်းတွင် လည်ပင်းတွင် ၂ ချက် နှင့် ဦးခေါင်းနားထင်နေရာတွင် တစ်ချက် ကျည်ထိမှန် ဒဏ်ရာများ တွေ့ရှိခဲ့ရသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ရွာသားများက ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို အလောင်းတွေ့ခဲ့သည့် မတ်လ ၆ ရက်နေ့၊ မွန်းလွဲပိုင်း တွင် အရေးပေါ် လူနာတင် ကားဖြင့် ထားဝယ်ဆေးရုံသို့ သယ်သွားကြသည်ဟု ဆိုသည်။
သို့သော် ယနေ့အချိန်ထိ ဦးကျော်သိန်းအား မည်သည့်အဖွဲ့အစည်းက မည်သို့သော အကြောင်းရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပစ်သတ်သွားသည်ကို မသိရသေးပေ။
ထားဝယ်မြို့တွင် စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်သူများ မကြာခဏပစ်ခတ်ခံရလေ့ရှိပြီး စစ်ကောင်စီ တပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့အကြားတွင်လည်း တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်ပွား လေ့ရှိသည်။