ရေဖြူတွင် စာမေးပွဲကာလ ညမထွက်ရ အမိန့်ထပ်တိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်။

ရေဖြူမြို့နယ်အတွင်း ဆယ်တန်း စာမေးပွဲ အကြောင်းပြု၍ ညမထွက်အမိန့် ထပ်တိုးလိုက်သည်ဟု ဒေသခံများ က ပြောသည်။

မတ်လ ၈ ရက်နေ့မှ စတင်ပြီး တက္ကသိုလ်ဝင်တန်း (၁၀ တန်း) စာမေးပွဲရှိသဖြင့် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို ည ၈ နာရီ မှ နံနက် ၅ နာရီ အထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြော သည်။

စက်ကုန်းရပ်ကွက်နေ အသက် ၃၀ ခန့်အရွယ် အမျိုးသား တစ်ဦးက “ညနေပိုင်းမှာ ကားပေါ်ကနေအော်သွားတာ ၁၀ တန်းစာမေးပွဲဖြေနေစဉ်အတွင်း ဆူညံခြင်းတွေမပြုလုပ်ကြဖို့ကို ကားတောင်မရပ်ဘဲ မောင်းရင်းနဲ့ ပြော သွားတာ” ဟု ပြောသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် မတ်လ ၇ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်တွင် စစ်ကောင်စီက လော်စပီကာတပ်ဆင်ထားသည့် ဆော်သြရေးကားဖြင့် ရပ်ကွက်များတွင် လှည့်လည်ကာ စည်းကမ်းချက် အသစ် များ အသိပေးကြေငြာခြင်း ဖြစ်သည်။

စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသည့် ဒေသအတွင်း ဆယ်တန်းစာမေးပွဲကို အကြောင်းပြုကာ ညမထွက်ရအမိန့်ကို ထပ်တိုးထုတ်ပြန်ကြေငြာလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။

ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို ည ၈ နာရီ မှ နံနက် ၅ နာရီ အထိ တိုးမြှင့်လိုက်ရာ သတ် မှတ်ချိန်အတွင်း အပြင်ထွက်သွားလာခြင်းများ မပြုလုပ်ကြရန် စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်း ဒေသခံ တစ်ဦး က ဆိုသည်။

ယခုနှစ် ဇန္နဝါရီလ ၂၅ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီမှ ဆိုင်ကယ် စီးခွင့်ပိတ်ထားခဲ့ပြီးနောက် ကံပေါက်ဒေသ တွင် ဘေးတွဲ အသုံးပြုသူ များပြားလာပြီး အချို့မှာ ဆိုင်ကယ်အနောက်တွင် ခြင်းနှစ်လုံးတပ်ကာ စီးနေကြသူ များလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ဘေးတွဲမောင်းသူများကိုလည်း ဆိုင်ကယ်၏ ဘယ်ဘက်ခြမ်း၌ မတွဲကြရန်နှင့် ညာဘက်တွင်သာ တွဲပြီး မောင်း နှင်ကြရန် အပြင် ခြင်းနှစ်လုံးတပ်ကာ စီးနေခြင်းများကိုလည်း နောက်ထပ် မစီးကြရန် အသိပေးထားပြီး လိုက်နာ ဆောင်ရွက်ခြင်းမရှိသူများကိုလည်း ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

ကံပေါက်ဒေသတွင် စစ်ကောင်စီတပ်မှ အရပ်သားများကို ဆိုင်ကယ်စီးခွင့် ပိတ်ပင်ထားသော်လည်း စစ်တပ်၊ ရဲ နှင့် ပျူစောထီးများကိုမူ စီးခွင့်ပြုထားခြင်းပြီး ဒေသခံပြည်သူများကိုမူ စီးခွင့်မပေးခြင်း ဖြစ်သည်။

ဆိုင်ကယ် စီးခွင့်ပိတ်ထားသည်မှာ ရက်ပေါင်း ၄၀ ကျော် ကြာလာခဲ့ပြီ ဖြစ်သော်လည်း စစ်ကောင်စီမှ လက်ရှိ အချိန်ထိ ပြန်လည်စီးနင်းခွင့်မပြုသေးဘဲ စည်းကမ်းချက်များကိုသာ ထပ်တိုးနေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။