ဖမ်းဆီးခံရသူ သုံးဦးအနက် တစ်ဦး၏အလောင်း ပြန်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်။

ကျွန်းစုမြို့နယ်ထဲတွင် ဖမ်းဆီးခံရသူ သုံးဦးအနက် တစ်ဦးကို သေနတ်ဒဏ်ရာများဖြင့် အလောင်းသာ ရှာတွေ့ခဲ့ သည်ဟု ဒေသခံရွာသားများက ပြောသည်။

အမျိုးသား သုံးဦး တစ်ညတည်းတွင် ဖမ်းဆီးခံရပြီးနောက် တစ်ဦးပစ်သတ်ခံရပြီး ရွာအရှေ့ဘက် ချောင်းဝကမ်း
စပ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့်အလောင်းကို တွေ့ရှိခဲ့ရသည်ဟု ရွာသားများက ပြောသည်။

အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက “သူက စစ်ကောင်စီ သတင်းပေးဆိုပြီး နာမည်ထွက်နေတာ၊ PDF တွေ ရဲ့ လူဦးရေစာရင်းနဲ့ လှုပ်ရှားသွားလာတာတွေကိုလည်း ဓာတ်ပုံတွေနဲ့ စစ်တပ်ကို သတင်းပေးနေတယ်လို့ ကြား နေရတာ။ ပြီးခဲ့တဲ့ မိုးဦးကျကတည်းကပါပဲ” ဟု ပြောသည်။

သေဆုံးသူမှာ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာအုပ်စု၊ မြိုင်သာကျေးရွာတွင် နေထိုင်ပြီး ရေထွက်ကုန် ပစ္စည်းများ ဝယ်ယူ ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူ ကိုခင်ချို အသက် ၄၀ နှစ် အရွယ် ရှိသူ ဖြစ်သည်။

တနင်္လာနေ့၊ ည ၈ နာရီခွဲ အချိန်ခန့်က နေအိမ်တွင် ရှိနေသည့် ကိုခင်ချိုကို လူ ၇ ဦးက လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားပြီး နောက်နေ့ (မတ်လ ၇ ရက်)၊ နံနက် ၆ နာရီ အချိန်ခန့်တွင် သေနတ်ဒဏ်ရာများဖြင့် အလောင်း ကိုသာ ပြန်တွေ့ခဲ့ရခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ကိုခင်ချို ဖမ်းဆီးခံခဲ့ရသည့် ညမှာပင် နောက်ထပ် အခြားရွာသားနှစ်ဦးလည်း ဖမ်းဆီးခံခဲ့ရသေးသည်ဟု ရွာသား တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ ၃ ဦး အနက် ကိုခင်ချို တစ်ဦးသာ ပစ်သတ်ခံခဲ့ရပြီး ကျန်နှစ်ဦးကိုမူ ညတွင်းချင်း ပြန်လွှတ်ပေးခဲ့ သည်ဟု အဆိုပါ ရွာသားက ပြောသည်။

သေဆုံးသွားသည့် ကိုခင်ချို၏ ရုပ်အလောင်းကို မတ်လ ၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကျေးရွာသင်္ချိုင်း၌ သင်္ဂြိုလ် လိုက်ပြီ ဖြစ်သည်ဟု ရွာသားများက ဆိုသည်။

မြိုင်သာကျေးရွာသည် ကျွန်းစုမြိုနယ်၊ ဘန္ဒနဲကျေးရွာအုပ်စုတွင် ပါဝင်ပြီး မြိတ်မြို့မှ ရေလမ်းခရီး စက်လှေဖြင့် သွားပါက လေးနာရီခန့် သွားလာရသည့် ကျေးရွာတစ်ရွာဖြစ်သည်။

ဓါတ်ပုံ – Dawei Watch