စစ်ကောင်စီ တပ်စခန်းကို ရေးဘီလူးအဖွဲ့ ဝင်ရောက် သိမ်းဆည်း မီးရှို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်။
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ရေးဘီလူးအဖွဲ့က ဝင်ရောက်သိမ်းဆည်းခဲ့ပြီး မီးရှို့လိုက်သည်။
ရေးမြို့နယ်၊ အာယုတောင်ကျေးရွာနှင့် စုံနံသာကျေးရွာအကြား ခံသင်းတံတားအနီးရှိ စစ်ကောင်စီ၏ တပ်စခန်း တစ်ခုကို ရေးဘီလူးအဖွဲ့က မတ်လ ၁၀ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်က ဝင်ရောက်သိမ်းဆည်းခဲ့ခြင်း ဖြစ် သည်။
စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်သိမ်းဆည်းခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန် ထားသည်။
ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်နဲ့ စုံနံ့သာကြားမှာရှိတဲ့ ခံသင်းတံတား ဘေးက စစ်ကောင်စီတပ်စခန်း တစ်ခုကို ကျနော်တို့ ရေးဘီလူးအဖွဲ့က ဝင်ရောက်သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ ဒီမနက် ၇ နာရီတိတိမှာ ကျွန်တော်တို့ ဝင်ရောက်သိမ်းဆည်းနိုင်ခဲ့တယ်။ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်” ဟု ထုတ်ပြန် ပြောဆိုထားသည်။
တပ်အင်အား ၁၅ ဦးခန့်ရှိသည့် အဆိုပါ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်သိမ်းဆည်းခဲ့သည့် ဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က ၆ ဦး ထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး ရေးဘီလူးဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
ရေးဘီလူးခေါင်းဆောင်က “အင်အားကတော့ သူတို့ဘက်ခြမ်းကတော့ ၁၅ ဦးလောက်တော့ရှိမယ်။ ထိခိုက် သေ ဆုံးမှုကတော့ ၅ ဦး ၆ ဦးလောက်ပဲ အတည်ပြုနိုင်ခဲ့တယ်။ ကျန်တဲ့လူတွေကတော့ ထွက်ပြေးတယ်။ ပြန်ပစ် မရဲဘူး။ ကျနော်တို့ လက်ဦးယူခဲ့တယ်။ ကျနော်တို့ ပိုင်ပိုင်နိုင်နိုင်ပဲ စခန်းထဲကို သိမ်းဆည်းနိုင်ခဲ့တယ်။ ကျနော် တို့ လက်နက်ကို ကောက်ဖို့ အဆင်မပြေဘူး။ ဆုတ်လမ်း တအားဝေးတော့ ဟိုဘက်ခြမ်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် အကောင်းဆုံးပြန်လည်းဆုတ်ခွာနိုင်ခဲ့တယ်” ဟု ပြောဆိုထားသည်။
သို့သော်လည်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး ပေ။
ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း ရေး-ထားဝယ် ကားလမ်းရှိ ရေးမြစ်ကူးတံတားကြီး စစ်ဆေးရေးဂိတ်ကို ရေးဘီဘူးအဖွဲ့က ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။
ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များကို မကြာ ခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည့် အပြင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကိုလည်း မကြာခဏ ပစ် ခတ်ရှင်းလင်းလေ့ ရှိသည်။
ထို့အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အရပ်သားဝန်းထမ်းများနှင့် စစ်ကောင်စီသတင်း ဒလန်ဆိုပြီး သတ်မှတ် ခံရသူများကိုလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။
စစ်ကောင်စီကတော့ ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။