ဖမ်းဆီးမိသော PDF နှစ်ဦးအား စစ်ကောင်စီတပ်က နှိပ်စက် သတ်ဖြတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်။

ကချင်ပြည်နယ် ဗန်းမောက်မြို့နယ် အတွင်း ဖမ်းဆီးခံလိုက်ရသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လူငယ်နှစ်ဦးအား စစ်ကောင်စီက နှိပ်စက်သတ်ဖြတ်လိုက်သည်။

ဗန်းမောက်မြို့နယ်အတွင်းရှိ ကျွဲကောကြီးကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်မတော် (SNA) တပ်တို့သည် ပကဖ လူငယ်နှစ်ဦးအား ဖမ်းဆီးပြီးနောက် စစ်သုံ့ပန်းဥပဒေနှင့် အညီ ထိန်းသိမ်းခြင်းမရှိဘဲ နှိပ်စက်သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်က ပြောသည်။

“ကျွဲကောကြီးမှာ၊ နာမည်က အောင်မျိုးတဲ့။ ပကဖက ကလေးတွေ၊ အလယ်ကန်ကလေ။ နှစ်ယောက်လုံး အသတ်ခံလိုက်ရတာ။ သူတို့က အခုထိ ရှိတုန်း အဲ့မှာ ထိုင်နေကြတုန်းပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မတ်လ ၈ ရက်နေံ အသတ်ခံလိုက်ရသည့် လူငယ်များမှာ အလယ်ကန်ကျေးရွာမှ ဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီ၊ ပျူစောထီး၊ ပြည်သူ့တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ကြောင်းသည် ကျွဲကောကြီး ကျေး ရွာရှိ ဘုန်းကြီးကျောင်း၌ နေထိုင်ကာ ကားနှင့် ဆိုင်ကယ်များအား တားဆီးစစ်ဆေးကာ ငွေများ အတင်းအဓမ္မ တောင်းခံလျှက်ရှိသည် ဟု ဆိုသည်။

အလားတူ ဗန်းမောက်ဒေသအတွင်းရှိ ရွှေတူးဖော်ရေး လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များထံမှလည်း အခွန်ဆက် ကြေးငွေများ ကောက်ခံနေသည်ဟု ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “စစ်တပ်လည်းပါတယ်၊ ပြည်သူ့စစ်လည်းပါတယ်။ ပျူစောထီးလည်းပါတယ်။ ရှမ်းနီ SNA လည်းပါတယ်။ သူတို့က အဲ့မှာ ရွှေလုပ်တဲ့လူတွေ အကုန်လုံးကို တောင်းစားနေတယ်။ နောက်ပြီး တော့မှ သူတို့က အဲ့မှာ ဂိတ်ထိုင်ပြီး ဂိတ်စောင့်နေတာ။ ဂိတ်က ဘုန်းကြီးကျောင်းက အထွက်မှာ လူတွေက ဘုန်းကြီးကျောင်းထဲ နေပြီး ကားတွေလာရင် ရပ်ခိုင်း၊ တောင်းစား၊ အဲ့လိုမျိုး။ မုန့်သည်တွေလာလည်း မုန့်တွေ တောင်းစား။ ရွှေလုပ်တဲ့လူတွေဆီက ပိုက်ဆံတောင်းနေတာ” ဟု ပြောသည်။

ကျွဲကောကြီး ကျေး ရွာရှိ ဘုန်းကြီးကျောင်း၌ နေထိုင်ကာ လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးခြင်း၊ ငွေအတင်းအဓမ္မတောင်းခံခြင်းများကို လုပ်ဆောင်နေသူများထဲတွင် စစ်ကောင်စီ၊ ပျူစောထီး၊ ပြည်သူ့တပ်ဖွဲ့များ အပြင် ရှမ်းနီတပ်မတော်- SNA လည်း ပါဝင်သည်ဟု ဒေသခံများက ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းနီတပ်မတော် – SNA က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့က စစ်သုံ့ပန်းဥပဒေများရှိသော်လည်း လိုက်နာခြင်း တစ်စုံတစ်ရာမရှိဘဲ ၎င်းတို့ဖမ်းဆီးသွား သည့် ပကဖအဖွဲ့ဝင် လူငယ်နှစ်ဦးအား ရက်ရက်စက်စက်နှိပ်စက်က သတ်ဖြတ်လိုက်ခြင်း သည် စစ်ရာဇဝတ်မှုကို ချိုးဖောက်ခြင်း ဖြစ်သည်ဟုလည်း ဒေသတွင်း သတင်းအရင်းအမြစ်က ဆိုသည်။