စစ်ကောင်စီတပ်က ထီးချိုင့်တွင် အိမ်ခြေ ၂၀၀ ခန့် မီးရှို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ကျေးရွာအတွင်းက နေအိမ် ၂၀၀ ခန့်ကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့သွားသည်ဟု ဒေသခံများက ပြောသည်။

ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ကျေးရွာတွင် အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီအဖွဲ့က မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ကျေးရွာထဲဝင်ရောက်လာပြီးနောက် မွန်းလွှဲ ၁ နာရီဝန်းကျင် အချိန်ခန့်မှ စတင်ပြီး နေရာ ၃ နေရာခွဲ၍ မီးရှို့သွားခြင်း ဖြစ်သည်။

ဒေသခံ အမျိုးသားတစ်ဦးက “ရှို့တာကတော့ ရွာကို ပတ်ပြီးရှို့တာ၊ ကျောက်မှော်က ရွာအကြီးကြီးဆိုတော့ ဝိုက်ပြီးတော့မှကို မကျန်အောင်ကို ပတ်ရှို့သွားတာ။ စစ်သားတွေက ရွာသားတွေကို ဘုန်းကြီးကျောင်းဝင်းထဲကို ရှိတဲ့ အကုန်လုံးသွင်းထည့်ပြီးတော့ ကာဗာလုပ်ထားတာ။ ပြေးသွားတဲ့ရွာသားတွေတော့ မပါဘူးပေါ့ဗျာ” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းမှာ ထီးချိုင့်ဘက်မှ ထွက်လာသည့် စစ်ကြောင်းဖြစ်ပြီး ကျောက်မှော်ကျေး ရွာထဲသို့ ဝင်ရောက်လာစဉ် သေနတ်များ ပစ်ဖောက်ပြီး ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြော သည်။

“မီးရှို့တဲ့စစ်ကြောင်းကတော့ ထီးချိုင့်ကထွက်တဲ့ စစ်ကြောင်းဗျ။ အင်အား ၈၀ လောက်ရှိတယ်။ သူတို့က ဘုန်း ကြီးကျောင်းထဲပြန်နေကြတာ မီးပတ်ရှို့ပြီးတော့လေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထီးချိုင့်မြို့နယ်အတွင်းက ကျောက်မှော်ကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိသည့် ကျေးရွာကြီးတစ်ရွာ ဖြစ်ပြီး လူဦးရေ ၁၂၀၀ ကျော်နေထိုင်သည်ဟု ဒေသခံများက ပြောသည်။

ကျောက်မှော်ကျေးရွာအား မီးရှို့ပြီး အဆိုပါရွာမှ ပြန်လည်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မတ်လ ၁၀ ရက်နေ့၊ ညနေက မိုင်းဆွဲတိုက်ခဲ့ကြောင်းနှင့် ထိုနောက် အဆိုပါ စစ်ကြောင်းသည် ထီးချိုင့်မြို့နယ် ဇီးကုန်းကျေးရွာထဲတွင် ဝင်ရောက် တပ်စွဲထားသည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။

အလားတူ ထီးချိုင့် -ကသာ လမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်၏ ယာဉ်တန်း သွားလာလှုပ်ရှားနေသော ကြောင့် ကျောက်မှော်၊ သာဂရ၊ သံပုရာ၊ ရေပုတ် တစ်ဝိုက် ကင်းများချထားသည်ဟု ဒေသခံတွင်း သတင်းအရင်း အမြစ်က ပြောသည်။

ထို့အပြင် ဇန္နဝါရီလ ၁၉ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်က ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ကျေးရွာနှင့် နတ်အင်း ကြားရှိ ဒေသခံတောင်သူများ နေထိုင်သော အိမ် ၅ ဆောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ မီးရှို့ ဖျက်ဆီး သွားခဲ့သေးသည်။