စစ်ကောင်စီတပ်က ခရီးသွားများ၏ လက်ကိုင်ဖုန်း ၈ လုံးနှင့် ဆိုင်ကယ် ၅ စီး သိမ်းယူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နဘားကျေးရွာလမ်းဆုံတွင် ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့က ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်း ၈ လုံးနှင့် တောင်ပေါ်ဘုန်းကြီးကျောင်းမှ ဆိုင်ကယ် ၅ စီးကို သိမ်းယူသွား သည်။
ခရီးသွား ပြည်သူအချို့ကို သံသယရှိသောကြောင့်ဟု ဆိုကာ ၎င်းတို့၏ လက်ကိုင်ဖုန်း ၈ လုံးကို သိမ်းသွားခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မင်းတို့ကို သံသယရှိလို့ ဖုန်းတွေထားခဲ့၊ စစ်ဆေးစရာရှိတယ်ဆိုပြီးတော့ ပြောလို့ ထားခဲ့ရတာတဲ့။ ဖုန်း ၈ လုံး မြင်တယ်ဗျ။ တပ်က ၃၀၁ နဲ့ ၄၁၆ နဲ့ ပေါင်းထားတာလို့ ပြောတယ်။ ဒီနားသွားလာနေတဲ့ တပ်ပဲတဲ့ဗျ။ အင်အားက ၉၀ လောက်ရှိမယ်ဗျ။ သူတို့ကို PDF ဝတ်ဆုံတွေဝတ်ထားတာဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် တောင်ပေါ်ဘုန်းကြီးကျောင်းမှ ရဟန်းများကို ဆွမ်းချိုင့်ပို့နေသည့် ဆိုင်ကယ်များအပါအဝင် ၅ စီးကို လည်း သိမ်းယူသွားသည်ဟု ဒေသခံများက ပြောသည်။
ဒေသတွင်း လူငယ်တစ်ဦးက “ဆိုင်ကယ်ကတော့ အစဖမ်းခံရတုန်းက ၃ စီးပေါ့၊ အဲ့ဒါကို သုံးဘီးနဲ့ တိုက်သွား တာတဲ့။ နောက်ထပ် ၂ စီးလည်း ထပ်ဖမ်းသွားတယ်တဲ့။ အဲ့သူတို့ ဖမ်းသွားတဲ့ ဆိုင်ကယ်တွေထဲ ဘုန်းကြီးတွေ ဆွမ်းချိုင့်ပို့တဲ့ ဆိုင်ကယ်တွေလည်း ပါတယ်တဲ့ဗျ။ နှမ်းအိတ်တွေရော ဆန်အိတ်တွေရော အကုန်သယ်သွားတာ တဲ့ အင်းတော်ဘက်ကို” ဟု ပြောသည်။
အဆိုပါ စစ်ကြောင်းတွင် လူအင်အား ၉၀-၁၀၀ ဝန်းကျင်ခန့်ပါဝင်ပြီး အင်းတော်မြို့နယ်ထဲ ရောက်ရှိနေသည်မှာ ဖေဖော်ဝါရီလကုန် ကတည်းက ဖြစ်သည်ဟုဆိုသည်။
ထိုစစ်ကြောင်းမှ စစ်သားများသည် PDF ဝတ်စုံများ ဝတ်ဆင်ကာ အင်းတော်မြို့နယ်ထဲက နားရခေါင်ကျေးရွာနှင့် နဘားကျေးရွာတို့တွင် တလှည့်စီ ဂိတ်ချပြီး ငွေကြေးကောက်ခံနေခြင်း ဖြစ်သည်ဟု ကားသမားအချို့က ပြောသည်။
“သူတို့က ဒီနယ်တဝိုက် နဘားတို့ဘာတို့က PDF တွေ ထင်နေတာ၊ ဒီကားဆရာတွေကလည်း အဲ့ဒါနဲ့ မုန့်ဖိုးတွေ ဘာတွေပေးနေကြတာဗျ။ သူတို့ရောက်စ နှစ်ရက်သုံးရက်လောက်ကပေါ့။ နောက်မှပဲ PDF မဟုတ်ဘူး ဘာညာ သိမှပဲ မပေးကြတော့တာ။ သူတို့ဝတ်ထားတာ ယူနီဖောင်းတွေက အသစ်တွေကြီးကိုး။ စစ်သားတွေ ဝတ်တဲ့ ယူနီဖောင်းလည်းမဟုတ်ဘူး။ အစိမ်းရောင်ကြီးတွေပေါ့။ ဒီစစ်သားတွေဝတ်တဲ့ဟာဆို နည်းနည်း ဖုန်ရောင် လို လိုဘာလိုလို ခပ်မှိုင်းမှိုင်းလေနော်။ အဲ့လိုမျိုးဖြစ်နေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုစစ်ကြောင်းသည် မတ်လ ၇ ရက်နေ့မှစတင်ကာ နဘားကျေး ရွာလမ်းဆုံတွင် အထိုင်ချကာ လမ်းသွားလမ်း လာပြည်သူများ၊ ကားသမားများထံမှ မတရားငွေတောင်းခံခြင်း၊ ဖုန်းများ သိမ်းယူ ခြင်းတို့ကို လုပ်နေခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။
PDF ဝတ်စုံဝတ်ဆင်ထားသည့် အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့မှာ PDF ဟန်ဆောင်ကာ ခရီးသွားပြည်သူများထံမှ ငွေကြေးကောက်ခံနေသည်မှာ ယနေ့အချိန်ထိဖြစ်ပြီး အနီးအနားတွင်လည်း KIA နှင့် PDF ပူးပါင်းတပ်များက မကြာခဏ ဝင်ပစ်နေခြင်းတို့ကြောင့် ဂိတ်အနောက်ဘက်တွင် ဗုံးခိုကျင်းများ တူးထားပြီး လုံခြုံရေးများလည်း ယူထားသည်ဟု ဒေသခံများက ဆိုသည်။