တနင်္သာရီမြို့နယ် ပြည်ထောင်စု လမ်းမကြီးပေါ် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်။

တနင်္သာရီမြို့နယ်အတွင်းရှိ မြိတ် – ကော့သောင်းသွား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ကားသုံးစီးပါ စစ် ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၉ ဦး သေဆုံးပြီး ထိခိုက်မှုများလည်း ရှိခဲ့သည်ဟု ရွာ သားများက ပြောသည်။

တိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကျွန်းစု မြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်မြိတ်ခရိုင် PDF တပ်ရင်း – ၂ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု စနေနေ့က ထုတ်ပြန်ထားသည်။

ပူးပေါင်းတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက “မိုင်းဆွဲပြီး ကျည်ချွေတာတဲ့အနေနဲ့ ပြန်ဆုတ်လာခဲ့တာပါ၊ စစ် တပ်က ရမ်းသန်းပစ်နေပြီး ကျန်ခဲ့တာပေါ့” ဟု ပြောသည်။

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုကျေးရွာ အနီး မြိတ်မြို့ဘက်မှ တနင်္သာရီမြို့သို့ ဦးတည် မောင်းနှင်လာသည့် ကားသုံးစီးပါ စစ်ကောင်စီယာဉ်တန်းကို သောကြာနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပြည် သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးကာ အယောက် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့ပြီး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ တပ်များဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေများ အရ ခရီးသွားလာကြသူများ သတိကြီးစွာ သွားလာကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အသိပေး မေတ္တာရပ်ခံထားသည်။

အလားတူ တနင်္သာရီ – ကော့သောင်းသွား ပြည်ထောင်စုလမ်းမကြီးပေါ်၌ ခြေလျင် စစ်ကြောင်းထိုးလာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ ကို မတ်လ ၇ ရက်နေ့တွင်လည်း ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနှင့် ကော်သူးလေ တပ်မ တော် KTLA -Tanintharyi တို့ပူးပေါင်း၍ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသွားသူများလည်း ရှိခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့များဘက်က ပြောဆိုထားသည်။