လွိုင်ကော်-ဖားဆောင်းလမ်းမကြီး ပိတ်နေသဖြင့် ဒေသခံများ ရိက္ခာ ပြတ်မည့် အလားအလာ ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်။
လွိုင်ကော်- ဖားဆောင်း လမ်းမကြီး သွားလာခွင့် မရသည့်အတွက် ဒေသခံများ စားနပ်ရိက္ခာ ပြတ်တောက်မည့် အခြေအနေမျိုး ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
ကယား (ကရင်နီ) ပြည်နယ်၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အခြေခံလူတန်းစားများအတွက် စားနပ် ရိက္ခာ ပြတ်တောက်မည့် အခြေအနေမျိုး ဖြစ်နေသည်။ ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။
လွိုင်ကော်- ဖားဆောင်း လမ်းမကြီး သွားလာခွင့် မရခြင်းကြောင့် အခြေခံစားသောက်ကုန်များနှင့် စက်သုံးဆီတို့ ကို ထိုင်းနယ်စပ်မှ ဈေးကြီးပေး၍ တင်သွင်းနေရပြီး လိုသလောက်လည်း မရခြင်းနှင့် အဆမတန် ဈေးနှုန်းမြင့် တက်လာနေသည်ဟု ဒေသခံများက ပြောသည်။
ဖားဆောင်းမြို့နေ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးက “မသွားနဲ့လို့ တားတာမျိုးထက် သွားမယ့်လမ်း တလျှောက်လုံးမှာ စစ်ဖြစ်နေတာ။ သူတို့က သွားလို့ပြောပြော မသွားလို့ပြောပြော ဘယ်သူမှ မသွားရဲဘူး။ သွားရင် ကိုယ်ပါသေမှာ။ အဲဒီလမ်း တလျှောက်လုံးမှာ တင့်ကားမိုင်းလို ပုံစံမျိုးတွေ ရှိတယ်။ ကားတွေ တက် နင်းမိရင် တစ်စစီဖြစ်ပြီး အထဲကလူတွေပါ အစပျောက်သွားမယ်။ အဲလောက်အထိ ခပ်ပြင်းပြင်း မိုင်းမျိုးတွေ ရှိတယ်။ တိုက်ပွဲတွေလည်း Battle (ရင်ဆိုင်) နေတယ်။ အဲတော့ လမ်းဖွင့်တယ်၊ ပိတ်တယ် ဆိုတာကို နားမ ထောင်ကြတော့ပဲနဲ့ ဘယ်သူမှ မသွားရဲကြတော့တာ” ဟုပြောသည်။
ယခင် အသုံးပြုနေသည့် နန်းဖဲ – ဖရူဆို – ဒီးမော့ဆို – ငွေတောင်ကားလမ်းမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက စစ်ကောင်စီတပ်များမှ ထိန်းချုပ်ထားသည်ဖြစ်ရာ ဒေသခံများက လွိုင်ကော်မှ ဖားဆောင်းသို့ သွားလာရန် ဘော် လခဲမြို့မှ တဆင့် ခဲမှောင်ိခု တင်ပို့သည့်လမ်းဖြစ်သည့် ကန်ခုနှစ်ဆင့် – ဒေါတမကြီးလမ်းကို အသုံးပြုခဲ့သည်ဟု ပြောသည်။
သို့သော် အဆိုပါ လမ်းမှာလည်း ပြီးခဲ့သည် ဇန္နဝါရီလမှစတင်ပြီး နှစ်ဖက် တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ဘော်လခဲ – ဖားဆောင်းလမ်းအား အသုံးမပြုကြရန် ကရင်နီ ကာကွယ်ရေးတပ် (KNDF) မှ သတိပေးထားသည်။
ဒေသခံတစ်ဦးက “ထိုင်းဘက်ကနေ Block လုပ်တာတွေ ရှိသလို စစ်တပ် အထိုင်ချတဲ့ နယ်ခြားဂိတ်တွေမှာ လည်း Block ထပ်လုပ်တာလေးတွေ ရှိတယ်။ ကျနော်တို့ရဲ့ စားသုံးကုန်ရော လောင်စာဆီရောက အကြပ်တည်း ဖြစ် လာတော့ ဈေးပိုတက်လာတယ်။ လုံးဝ ပြတ်သွားသလား ဆိုတော့ မဟုတ်ပြန်ဘူး။ ထိုင်းနဲ့ ကူးသန်းကူးလာ ရှိတဲ့ သူတွေက ကုန်ပစ္စည်း ယူလာပေးတယ်။ ဒီဘက်က အဆင်ပြေတဲ့လူ သွားယူပေးတယ်။ လူတကာ သွားလို့ မရဘူး။ လမ်းနဲ့ဂိတ်နဲ့ သဟဇာတ ဖြစ်တဲ့လူတွေ ၁၀ ယောက်မှာ ၃ ယောက်လောက်ပဲ သွားယူလို့ ရတယ်” ဟု ပြောသည်။
ထို့ကြောင့် ဖားဆောင်း၊ ဘော်လခဲ၊ မော်ချီး ဒေသခံများမှာ အခြေခံ စားသောက်ကုန်များ ရရှိရန် ထိုင်းနိုင်ငံကိုသာ အဓိက အားကိုးနေရသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံဘက်မှ သယ်ရသည့် လမ်းပါ ပိတ်လိုက်မည်ဆိုပါက ယခု အခြေအနေထက် ပိုဆိုးရွားသွားနိုင်သည်ဟု ဆိုသည်။
“အဲဒါလေးနဲ့ပဲ လည်ပတ်နေတာ။ ဒါနောက်ဆုံး ကျည်ဆံလောက် ကျတယ်။ နောက်ဆုံး ကျည်ဆံကုန်ရင်တော့ ဘာဆက်ဖြစ်မလဲ မပြောတတ်ဘူး” ဟု ဆက်ပြောသည်။
လက်ရှိ ဖားဆောင်း၊ ဘော်လခဲ၊ မော်ချီး ဒေသများတွင် 92 အောက်တိန်း တစ်လီတာလျှင် ကျပ် ၄,၀၀၀ မှ ကျပ် ၆,၀၀၀ အထိ နေရာဒေသပေါ် မူတည်၍ ပေါက်ဈေးရှိနေပြီး ဆန်တစ်အိတ်ဈေးနှုန်းအား ကျပ် ၁၂၀,၀၀၀ ကျော် အထိ ရှိသောကြောင့် ဆန်ဈေးမှာ လွိုင်ကော်မြို့နှင့် တစ်ဝက်ကျော်ကွာဟသည်ဟု ဒေသခံများက ဆိုသည်။
ထို့အပြင် အခြေခံ စားသောက်ကုန် ဖြစ်သည့် ကြက်ဥ တစ်လုံးကိုလည်း ၅၀၀ ကျပ်ရှိနေသည့် အပြင် လိုသပင် ဝယ်၍မရတော့ဘူးဟု ဒေသခံများက ပြောသည်။ အဆိုပါဒေသများတွင် KBZ Pay လဲလှယ်နှုန်းမှာလည်း ၃% အထိ ပေးရပြီး ငွေထုတ်၊ ငွေသွင်း၊ ငွေလွှဲများ ဝန်ဆောင်မှု အားလုံးအတွက် ၃% ထပ်မံ ပေးရသည်ဟု ဆိုသည်။
ထို့အပြင် လျှပ်စစ်မီး ပြတ်တောက်နေသည်မှာလည်း ၂ နှစ်ကျော်ခန့် ရှိပြီဖြစ်ပြီး တာဝါတိုင်များမှာ မီးစက်ကိုသာ အချိန်ပြည့် မောင်းနှင်နေရသည်ဟု ဆိုသည်။ ထို့ကြောင့် ဖုန်းလိုင်းများမှာလည်း တစ်ရက် ၁၀ နာရီဝန်းကျင်ခန့် သာ အသုံးပြုနိုင်ပြီး အင်တာနက်လိုင်းများမှာ လုံးဝအသုံးပြု၍ မရဘူးဟု ဆိုသည်။
စစ်ကောင်စီသည် ဘော်လခဲမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း ဖြတ် ၄ ဖြတ် စနစ်ကို လုပ် ဆောင်နေသည်ဖြစ်ရာ ဒေသအတွင်းရှိ အခြေခံ လူတန်းစားများမှာ အငတ်ဘေးကြုံတွေ့ရမည့် အန္တရာယ်ကို စိုးရိမ် ပူပန်နေကြသည်။