အရပ်သားများ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအပေါ် ပအိုဝ်း PDF က ဆက်လက် တုန့်ပြန်သွားမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီမှ အရပ်သား ၂၀ ကျော်ကို သတ်ဖြတ်ခဲ့သည်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်အား ရှေ့ဆက် တွန်းလှန်သွားမည်ဟု ပအိုဝ်း PDF များပြောသည်။

ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း ကျေးရွာအုပ်စု၊ နန်းနိန်ကျေးရွာရှိ ဘုန်းကြီးကျောင်း၏ မြေအောက်ခန်း နေရာ တွင် စစ်ဘေးရှောင်နေသည့် အရပ်သားများကို မတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်၌ ဘုန်းကြီးကျောင်း နံရံအရှေ့သို့ ခေါ်ထုတ်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (PNDF – KK)မှ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက “မြေပြင် ရဲဘော်တွေလည်း အလောင်းတွေကို သွားပြီးတော့ ရှင်းလင်းတဲ့အခါမှာ စိတ်မကောင်းဘူးပေါ့။ ဒီလုပ်ရပ်အပေါ် ဘယ်လို တုန့် ပြန်မလဲ ဆိုတာထက် ကျနော်တို့ကတော့ လုပ်စရာ ရှိတာကို ဆက်လုပ်သွားမယ်။ အာဏာရှင်ကို ဆက်ပြီးတော့ တွန်းလှန်သွားမယ်။ သူတို့နဲ့ ပါလာတဲ့ အပေါင်းအပါ (PNA) တွေကိုလည်း ဆက်ပြီးတော့ တွန်းလှန်သွားမှာပဲ။ ဒါက လူမျိုးရေးကို အခြေခံပြီးလုပ်တဲ့ တော်လှန်ရေးလည်း မဟုတ်ဘူး။ ဒီလို သဘောထားတယ်ပေါ့နော်” ဟု ပြောသည်။

နန်းနိန်ကျေးရွာ အရှေ့ဘက်၊ ဘုရားတောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက နန်းနိန် ကျေး ရွာအတွင်းသို့ မတ်လ ၁၁ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင် အချိန်ကတည်းက လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ်မှုများကြောင့် နေအိမ် ၁၀ လုံးကျော်ခန့် ပျက်စီးခဲ့ပြီးနောက် ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့နောက် မျက်မြင်သက်သေဖြစ်သည့် အရပ်သား အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁၇ ဦးနှင့် ကျောင်းထိုင် ဆရာ တော် တစ်ပါး အပါအဝင် သံဃာတော် ၂ ဦး စုစုပေါင်း ၂၁ ဦးတို့ကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည်ဟု PNDF-KK မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ဆက်ပြောသည်။

“PNO ကတော့ အဓိက စကစနဲ့ ပေါင်းနေတာလေ။ ဘာလို့ သတ်လဲဆိုတော့ နန်းနိန်ရွာကို မီးရှို့တဲ့ နေရာမှာ ရွာခံ တွေ အကုန်လုံးက မျက်မြင်သက်သေတွေလေ။ အဲတော့ မျက်မြင်သက်သေတွေကို ရှင်းလင်းတာပဲ။”

အရပ်သား ၂၁ ဦးအား သတ်ဖြတ်ပြီးနောက် စစ်ကောင်စီသုံး (ကာကွယ်ရေးပစ္စည်း စက်ရုံ- ကပစ ထုတ် အမှတ် တံဆိတ်ပါ) MA- 5.56 ကျည်ခွံများ၊ ဘုန်းကြီးကျောင်း နံရံတွင် သွေးကွက်များ၊ မီးလောင်ပြာကျ ပျက်စီးသွား သည့် နေအိမ်များမှာ သက်သေအဖြစ် ကျန်ရှိခဲ့သည်ဟု PNDF-KK တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်နှင့် PNA တပ်ဖွဲ့တို့သည့် ပအိုဝ်းပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည့် အတွက် စစ်ရာဇဝတ်မှုကြောင်း တွေ့ရှိရသည်ဟု PNDF-KK က ထောက်ပြထားသည်။

နန်းနိန်ကျေးရွာသည် ပအိုဝ့်ပြည်သူ့စစ် (PNA) နယ်မြေစိုးမိုးသည့် ဒေသဖြစ်သော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ၎င်းတို့ အပြည့်အဝ မထိန်းချုပ်နိုင်တော့ဘူးဟု ကျေးရွာနေပြည်သူများက ဆိုသည်။

ထို့အပြင် ယခု ကျူးလွန်ခဲ့သော လုပ်ရပ်သည် စစ်ကောင်စီတပ်က သီးသန့်ကျူးလွန်ခြင်းမျိုး မဟုတ်ပဲ နောက် ကွယ်မှ PNA လည်း ပါဝင်နိုင်သည်ဟု နီးစပ်သူများက ဝေဖန်ပြောဆိုထားသည်။