ပျူစောထီးနေအိမ် ပစ်ခတ်ခံရပြီး ရွာသားများအား ဖမ်းဆီး၊ နေအိမ်များ ချိပ်ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ် ၁၄ ရက်။

ရေဖြူမြို့နယ်အတွင်း ပျူစောထီးနေအိမ် ပစ်ခတ်ခံရ၍ ရေတပ်က ရွာသားသုံးဦးကို ဖမ်းဆီးခဲ့သည့်အပြင် နေအိမ်ကိုလည်း ချိပ်ပိတ် လိုက်သည်ဟု ဒေသခံများက ပြောသည်။

မတ်လ ၁၂ ရက်နေ့၊ နံနက် ၆ နာရီခွဲ အချိန်ခန့်က ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင် ဦးလားလား ဆိုသူ၏ နေအိမ်ကို လူ ၅ ဦးက ကားဖြင့်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

လာရောက်ပစ်ခတ်ချိန် ဦးလားလားမှာ ၎င်း၏တူတော်စပ်သူနှင့် အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အသက် ၃၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးက “မနက်အစောကြီး သေနတ်သံက အချက် ၂၀ လောက် ကြားရ တာ။ ရွာသားတွေက အိမ်ထဲကအပြင်ကို ဘယ်သူမှ မထွက်ရဲကြတော့ဘူး။ ပြီးမှ ဦးလားလား အိမ်ပစ်ခံရမှန်း သိကြတာ” ဟု ပြောသည်။

ပျူစောထီးအဖွဲ့ဝင် ဦးလားလား၏ နေအိမ် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကျေးရွာအတွင်းသို့ စစ်ကောင်စီ၏ မောရဝတီရေတပ်စခန်းမှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး အပါအဝင် ရွာသား ၃ ဦးကို ဖမ်းဆီး၍ နေအိမ်တစ်လုံး ကိုလည်း ချိပ်ပိတ်သွားခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ ဇာဒီကျေးရွာတွင် နေထိုင်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်မင်း အသက် ၅၀ နှစ်၊ သစ်လှတောရပ်ကွက်မှ ဒေါ်အောင်မဲ အသက် ၅၀ နှစ်နှင့် ၎င်း၏ တူတော်စပ်သူ ကိုအောင်ကျော် အသက် ၃၀ နှစ်တို့ ဖြစ်ကြသည်။

ကျန်းမာရေးမှူးဟောင်း တစ်ဦးဖြစ်သည့် ဦးအောင်မင်းမှာ ၂၀၂၁ ခုနှစ်၊ မေလအတွင်း ဆန္ဒပြပွဲများကို ဦးဆောင်သူ ဟုဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၂ နှစ် ကျခံရပြီးနောက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်ဟု ဒေသခံတစ်ဦး က ပြောသည်။

ဖမ်းဆီးခံရသူများကို မောရဝတီ ရေတပ်စခန်းသို့ ခေါ်ဆောင်သွားပြီး မတ်လ ၁၃ ရက်နေ့၊ ညနေပိုင်း အချိန်ထိ ၃ ဦးစလုံး ပြန်လည်လွတ်လာခြင်းမရှိသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြရသည်ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ဆိုသည်။

တချိန်တည်းမှာပင် ဇာဒီကျေးရွာ အနောက်ကုန်းရပ်ကွက်ရှိ ဦးဝင်းဘို အသက် ၅၈ နှစ် နှင့် ဒေါ်မိစုကန်း အသက် ၅၃ နှစ်တို့၏ နေအိမ်ကိုလည်း PDF များနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ စစ်ကောင်စီတပ်က ချိပ်ပိတ်သွား ခြင်း ဖြစ်သည်။

ချိတ်ပိတ်ခံလိုက်ရသည့် အိမ်တွင် လူနေထိုင်ခြင်း မရှိသည်မှာ ၂ လကျော်ခန့် ရှိနေပြီး ဖြစ်ပြီး စစ်ကောင်စီတပ်မှ လာရောက် ချိပ်ပိတ်စဉ် ပျူစောထီး ဦးလားလားလည်း ပါဝင်သည်ကို တွေ့မြင်ရသည်ဟု မျက်မြင်တွေ့ခဲ့သည့် အမျိုးသမီး တစ်ဦး က ဆိုသည်။

ဦးလားလားသည် ဇန္နဝါရီလကလည်း တစ်ကြိမ်ပစ်ခတ်ခံရပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ဖူးသူ လည်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဦးလားလားနေအိမ်အား ပစ်ခတ်ခဲ့ကြသူ သေနတ်သမားများက ဇာဒီကျေးရွာအုပ်ချုပ်ရေးမှူးရုံးကိုလည်း ခြောက်လှန့်ပစ်ခတ်ခဲ့သေးသည်ဟု ရွာသားများက ပြောသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၂၅ ရက်နေ့က ဇာဒီကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဦးအေးဟန် ပစ်သတ်ခံရပြီးနောက် ကံပေါက်ဒေသအတွင်း ဆိုင်ကယ်စီးခွင့်ကို စစ်ကောင်စီမှ ပိတ်ပင်ခဲ့သည်။

စစ်အာဏာသိမ်းမှု ၂ နှစ် ကျော်ကာလ အတွင်း ကံပေါက်ဒေသတွင် ယခုကဲ့သို့ နေအိမ် ချိပ်ပိတ်ခံရခြင်းမှာ ပထမ ဆုံးအကြိမ် ဖြစ်သည်ဟု ဒေသခံများ က ဆိုသည်။

ကျေးရွာအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီလက်အောက်ခံ ရေတပ်က တပ်ဖွဲ့ဝင်များသည် ညပိုင်းအချိန်ထိ လှည့်ပတ်သွားလာနေပြီး လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးနေသည့်အပြင် မတ်လ ၁၃ ရက်နေ့၊ နံနက် ပိုင်းတွင်လည်း ဥယျာဉ်ခြံများနှင့် တောစပ်များ၌ တောနင်းရှာဖွေမှုများ ပြုလုပ်နေသည်ဟု ကံပေါက်ဒေသခံ များ က ပြောသည်။

ဓါတ်ပုံ – ပျူစောထီးအဖွဲ့ဝင် ဦးလားလား၏ပုံ