ရာအိမ်မှူး တစ်ဦး ဆိုင်ကယ်မောင်းရင်း သေနတ်နှင့် အနောက်က ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့က ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

သေဆုံးသွားသူမှာ ဇင်းကျိုက်မြို့၊ ဖလပ်ကျေးရွာ အမှတ် ၂ ရပ်ကွက်နေ အသက် ၅၀ ဝန်းကျင်အရွယ် ရာအိမ်မှူး ဦးကျော်စိုးမိုး (ခ) စတီးရိုး ဆိုသူဖြစ်သည်။

“သူက ဆိုင်ကယ်နဲ့ သွားနေတာ သေနတ်သမားတွေက ဆိုင်ကယ်နဲ့ သူ့နောက်ကနေ လိုက်လာပြီးတော့ ပစ်ခတ် သွားတယ်။ ၅ ချက်လောက် ထိသွားတယ်။ ပစ်ခတ်ခံရတဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်၊ ဘယ်သူတွေ လုပ်ဆောင်သွားလဲတော့ မသိသေးဘူး” ဟု ပေါင်မြို့ခံတစ်ဦးက ပြောသည်။

ဦးကျော်စိုးမိုးသည် ဆိုင်ကယ်ဖြင့် ဥတ္တံတားကျေးရွာဘက်မှ ဇင်းကျိုက်မြို့ဘက်ကို ရန်ကုန်-မော်လမြိုင် ကား လမ်းအတိုင်း မောင်းနှင်လာနေစဥ် အနောက်မှ သေနတ်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် လိုက်လာပြီး ပစ်ခတ်သွားခဲ့ ခြင်း ဖြစ်သည်။

ဖလပ်ကျေးရွာက ရာအိမ်မှူး ဦးကျော်စိုးမိုးကို မတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က သေနတ်သမားက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရမှုကြောင့် ဦးကျော်စိုးမိုးသည် ဝဲနားထင်၊ ဝဲဘက်ရင်အုံ၊ လည်ပင်းနှင့် ဝမ်းဗိုက် ကျည် ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဦးကျော်စိုးမိုး ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဦးကျော်စိုးမိုး၏ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအသင်းအချို့၏ အကူအညီဖြင့် ပေါင်မြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း ပေါင်မြို့နယ် ပြည်သူ့စစ်ခေါင်ဆောင် ဦးမြင့်ရီ ဆိုသူအား လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ရှိနေစဥ် သေနတ်သမားအချို့က ဆိုင်ကယ်ဖြင့် ရောက်လာပြီးနောက် ပစ်သတ် သွားခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စား လှယ်လောင်းဟောင်း ဦးကိုကိုလေးဆိုသူကို အထူးစစ်ဆေးရေးတပ်ဖွဲ့ (S.O.F) က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါင်မြို့နယ်အတွင်း၌ ပြည်သူ့စစ်ခေါင်းဆောင်၊ နိုင်ငံရေးပါတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်မှူးနှင့် အဖွဲ့ဝင်များနှင့် စစ်ကောင်စီ သတင်းပေးဆိုသူများကို ဒေသတွင်းလှုပ်ရှားနေသည့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။