တနိုင်တပိုင် စက်သုံးဆီဆိုင်များကို စစ်ကောင်စီ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်။

ပုသိမ်တွင် တနိုင်တပိုင် ရောင်းချသည့် စက်သုံးဆီဆိုင်များကို စစ်ကောင်စီက ဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ဒီဇယ်၊ ဓါတ်ဆီ တနိုင်တပိုင် လက်လီရောင်းချနေသော စက်သုံးဆီဆိုင်များကို လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်သည်။

ဖမ်းဆီးရေးအဖွဲ့တွင် ပါဝင်သည့် မီးသတ် တပ်ဖွဲ့ဝင်တစ်ဦး က “အထက်က တစ်နေ့ကို ဆယ်ဆိုင် ဖမ်းပေးရ မယ် ဆိုလို့ ဖမ်းနေတာ။ ပစ္စည်းကို သိမ်းတယ်။ ရောင်းခွင့် ပိတ်တာတော့လည်း မဟုတ်ဘူး“ ဟု ပြောသည်။

ရပ်ကွက်အတွင်း နေအိမ်ကုန်စုံဆိုင်များ အပြင် လမ်းဘေးတွင် တနိုင်တပိုင် ရောင်းချနေသည့် ဓါတ်ဆီဆိုင် နှင့် ဒီ ဇယ်ဆီ ဆိုင်များကို စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်၊ ထွေအုပ်၊ စည်ပင်တို့ ပါဝင်သည့် အဖွဲ့က ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ ကတည်းက လိုက်လံဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ဖမ်းဆီးရေးအဖွဲ့တွင် ပါဝင်သူများက ပြောသည်။

ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက် အတွင်း ပုလင်းဖြင့်ရောင်းချသည့် လမ်းဘေး လက်လီ စက်သုံးဆီ ဆိုင်ငယ်လေး များ ဆီပန့်ငယ် ဆိုင်များ၊ ဆီကို ဂါလံပုံးများ ဖြင့်ရောင်းချသည့် အိမ်ဆိုင်ငယ်များကို စစ်ကောင်စီ အဖွဲ့က ဝင် ရောက် ဖမ်းဆီးပြီးနောက် အခွန်ဆောင်၍ ဝယ်ယူရောင်းချသည့် ဆီပန့်ပုံးငယ် အပါအဝင် စက်သုံးဆီများကို သိမ်းယူသွားသည် ဟု ယင်းရပ်ကွက် နေထိုင်သူများက ပြောသည်။

ဆီပန့်ပုံးငယ်များနှင့် ပစ္စည်းများ၊ စက်သုံးဆီများ သိမ်းဆည်း ခံရမည်ဖြစ်၍ ရပ်ကွက်များအတွင်း ပုလင်းများ တွင် ထည့်၍ လည်းကောင်း ဆီပန့်ပုံးငယ်များဖြင့် လည်းကောင်း တနိုင်တပိုင် ရောင်းချသည့် ဆိုင် အများအပြား ပိတ်ထားသည်ဟု ပုသိမ်မြို့ခံများက ပြောသည်။

ပုသိမ်မြို့တွင် စက်သုံးဆီ ဆိုင်ကြီးများမှ ဝယ်ယူကာ လက်လီ ပြန်လည် ရောင်းချနေသူ ဦးရေ ၁၅၀၀ ကျော်ခန့် ရှိ ပြီး ဆီပန့်ပုံးငယ်ဖြင့် ရောင်းချသည့် အိမ်ဆိုင် ၄၅ ဆိုင်ခန့် ရှိနေရာ စစ်ကောင်စီ၏ ဖမ်းဆီးမှုကြောင့် ပိတ်ထား ရသဖြင့် စားဝတ်နေရေးအခက်အခဲ ဖြစ်ရသည် ဟု တနိုင်တပိုင် စက်သုံးဆီ ရောင်းချသူ အချို့က ဆိုသည်။

ရပ်ကွက်အတွင်း တနိုင်တပိုင် ဓါတ်ဆီ ရောင်းချသူ တစ်ဦးက “ဒီလို လမ်းဘေးမှာ ပုလင်းလေး နဲ့ လက်လီ ရောင်းတဲ့ ဆိုင်လေးတွေကို ဘယ်ခေတ်ကမှလိုင်စင် မပေးဘူး။ အခု သူတို့ကလည်း လိုင်စင် လုပ်မပေးပါဘူး။ ဆိုင်ဖွင့် ရောင်းရင် အဖမ်းခံမှာလေ။ အဲတော့ ငတ်ရမယ့် အခြေအနေမို့ ကောင်းရောင်း ကောင်းဝယ် အလုပ်ကို ခိုးကြောင် ခိုးဝှက် လုပ်နေရတယ်” ဟု ပြောသည်။

ရပ်ကွက်အတွင်းက လက်လီ ရောင်းချသည့် စက်သုံး ဆီဆိုင် အများအပြား ပိတ်ထားရသဖြင့် ယခင်ကကဲ့သို့ အလွယ်တကူ ဝယ်ယူ၍ မရသည့်အတွက် ဆိုင်ကယ်ဖြင့် လုပ်ငန်းခွင် သွားလာသူများ၊ ဆိုင်ကယ် အငှား တက္ကစီ မောင်းသူများ၊ သုံးဘီးဆိုင်ကယ် မောင်းသူများလည်း အခက်အခဲ ဖြစ်ရသည်ဟု ပြောသည်။

ပုသိမ်မြို့တွင် ခေတ်အဆက်ဆက် ဆီပန့်ဆိုင်ကြီးများနှင့် ဆီကုန်သည်ကြီးများကိုသာ ဝယ်ယူ ရောင်းချခွင့် လိုင် စင် ချပေးပြီး လက်ရှိတွင် လိုင်စင်ရ ဆီပန့်ဆိုင်ကြီး ၁၇ ဆိုင် နှင့် စက်သုံးဆီ ကုန်သည်ကြီး အယောက် ၅၀ ခန့်က တနိုင်တပိုင် လက်လီ ရောင်းချသည့် ဆိုင်ငယ်လေးများကို ပြန်လည် ဖြန့်ဖြူး ရောင်းချနေခြင်း ဖြစ်သည်ဟု စက်သုံးဆီ ရောင်းချသူများက ပြောသည်။