အသက် ၁၈ နှစ် အရွယ် အမျိုးသမီးတစ်ဦးအား ရည်းစား ဖြစ်သူက သတ်ပြီး ရဲစခန်းတွင် အဖမ်းခံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်။
ဘုရားသုံးဆူတွင် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး ကြံတောကျေးရွာတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရခြင်း ဖြစ်သည်ဟု လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ တာဝန် ရှိသူများနှင့် ဒေသခံများက ပြောသည်။
“သိရသလောက်ကတော့ သတ်သွားတဲ့ကောင်က ကောင်မလေးရဲ့ ရည်းစားလို့ပြောတယ်။ အကြောင်းရင်း ကတော့ မသိသေးဘူး။ ဆိုင်ကယ်လည်း ယူသွားတယ်။ အခု အဲ့ကောင်လေးက ကြာအင်းဆိပ်ကြီးမြို့မ ရဲစခန်း မှာ သွားပြီး အဖမ်းခံထားတယ်လို့ သိရတယ်” ဟု ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောသည်။
ဘုရားသုံးဆူမြို့အနီး ကြံတောကျေးရွာနေ အသက် ၁၈ နှစ်အရွယ် မခိုင်သဇင်ထွေး (ခ) မမွန်ချမ်းဆိုသူသည် ပြီးခဲ့ သည့် မတ်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းအချိန်ခန့်က နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်သွားပြီးနောက် ပြန်ရောက် ရှိလာ ခြင်းမရှိဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။
နေအိမ်ပြန် မရောက်လာသည့် မခိုင်သဇင်ထွေး (ခ) မမွန်ချမ်းကို မတ်လ ၁၃ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်က ကြံတောကျေးရွာ ရော်ဘာခြံတစ်ခု အနီးတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်ဟု ဆိုသည်။
မခိုင်သဇင်ထွေး (ခ) မမွန်ချမ်းသည် ၎င်း၏ ရည်းစားဖြစ်သူ ကောင်လေးနှင့် သွားရောက်ချိန်းတွေ့စဥ် အသတ်ခံ လိုက်ရခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ထိုသို့ အသတ်ခံရပြီးနောက် သူမ၏ ဆိုင်ကယ်ပါ လုယူခံလိုက်ရသည်ဟု ဒေသခံများ က ပြောသည်။
မခိုင်သဇင်ထွေးကို သတ်ဖြတ်သွားသူသည် ဘုရားသုံးဆူမြို့မှ ဖြစ်ပြီး လက်ရှိတွင် ကြာအင်ဆိပ်ကြီးမြို့မ ရဲစခန်းတွင် သွားရောက် အဖမ်းခံခဲ့သည်ဟု ရဲစခန်းနှင့် နီးစပ်သူများက ပြောသည်။