FPNCC က တရုတ်နဲ့ လက်တွဲပြီး ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်။
ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံညှိနှိုင်းရေး ကော်မတီ FPNCC က တရုတ်အစိုးရနှင့် လက်တွဲပြီး ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။
မတ်လ ၁၅ ရက်နှင့် ၁၆ ရက် ၂ ရက်တာ ကျင်းပပြုလုပ်သည့် FPNCC ၏ လုပ်ငန်းစဉ် အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
FPNCC က “ကိုဗစ်ကပ်ရောဂါကာလ အတောအတွင်း အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်အောင် ကျော်လွှားနိုင်အောင် နှောင်ကြိုးမဲ့ အကူအညီများပေးအပ်ခဲ့သော တရုတ်အစိုးရကို အထူးကျေးဇူးတင်ရှိပါသည်။ ကိုဗစ်ကပ်ရောဂါကာလအလွန်တွင်လည်း မိမိတို့ အနေဖြင့် တရုတ်အစိုးရနဲ့ ဆက်လက် လက်တွဲပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးကို တိုးမြှင့်ဆောင်ရွက်ရင်း ကျန်းမာရေး၊ လူမှုရေးနဲ့ လူဝင်မှု၊ ကုန်သွယ်ကူးသန်းသွားလာရေး အပိုင်းနှင့် တခြားသောကဏ္ဍအသီးသီး၌လည်း ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်” ဟု မတ်လ ၁၆ ရက်နေ့ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင်ဟု ထည့်သွင်းပြောဆိုထားသည်။
FPNCC ၏ ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြည်တွင်း ပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံပါသည်ဟု ဆိုသည်။
ထို့အပြင် မြန်မာ့ပြည်တွင်းရေးနှင့် ပတ်သက်၍ မိမိတို့ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသား လူမျိုးများအနေဖြင့် ဗမာပြည်မနှင့် အလုံးစုံငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆပါသည်။ ၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိနေသော်လည်း နောက်ဆုံးတွင် မိမိတို့ လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ပါသည်ဟု FPNCC က ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ပြောဆိုထားသည်။
ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိ နှိုင်းရေးကော်မတီ FPNCC အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ MNDAA၊ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် ULA၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (မိုင်းလား) NDAA “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP တို့ပါဝင်သည်။
Photo – ပြီးခဲသည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက FPNCC အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့စဉ်က။ (Photo – The Ko Kang)