စစ်ကောင်စီ ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်း နှစ်ရက် ဆက်တိုက် မိုင်းဆွဲ တိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်။

စစ်အုပ်ချုပ်ရေး ဒေသအဖြစ် ကြေညာထားသည့် ပုလောမြို့နယ်အတွင်း ယခုရက်ပိုင်း တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်လာပြီး စစ်ကောင်စီ၏ စစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းများ နှစ်ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံ ခဲ့ရကာ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပုလောမြို့နယ်၊ မင်းထိန်ရွာနှင့် ပဝတ်ကုန်းကျေးရွာအကြား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် မတ်လ ၁၄ ရက် နေ့၊ ည ၇ နာရီအချိန်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တောကြီးမြွေဟောက်အဖွဲ့ – King Cobra Force က မတ်လ ၁၅ ရက်နေ့၊ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ပုလောမြို့ဘက်မှ မြိတ်မြို့ဘက်သို့ မောင်းနှင်လာသည့် စစ်ကား ၈စီးပါယာဉ်တန်းကို ပြင်းအား ၂ဆရှိသည့် ပဒေသာမိုင်း ၁၁ လုံး အသုံးပြု၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၀ မိနစ်ခန့်အကြာ နှစ်ဘက်ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့သေးသည်ဟု ထုတ်ပြန်ချက်အတွင်း ဖေါ်ပြထားသည်။

အသက် ၅၀ ခန့် အရွယ် မင်းထိန်ရွာသားတစ်ဦးက “သေနတ်သံတွေ ကြားရပြီဆို တစ်ရွာလုံးက ပြေးနေကြရ တာ ထုံးစံလိုဖြစ်နေပြီ။ တိုက်ပွဲတွေက နေ့တိုင်းလိုလို ဖြစ်နေတော့ အလုပ်တွေလည်း ဘာဆိုဘာမှ လုပ်လို့မရ တော့ဘူး၊ စားဝတ်နေရေး အတော်ခက်ခဲနေကြပြီ” ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကား ၃ စီး ပျက်စီးသွားပြီး ကျန်ကားများလည်း ထိခိုက်မှုရှိခဲ့သေးသည်ဟု တော ကြီးမြွေဟောက်အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

မိုင်းဆွဲခံရပြီးနောက် အလောင်းများနှင့် ထိခိုက်ဒဏ်ရာရသွားသူများကို ညတွင်းချင်း ကားဖြင့်တင်ဆောင်သွားပြီး မြေပြင်သတင်းများအရ ကျဆုံးခဲ့သူများထဲတွင် စစ်ကောင်စီ အရာရှိ အချို့ပါဝင်နေသည်ဟု သိရသော်လည်း ထိခိုက်သေဆုံးမှု အရေအတွက်ကိုမူ ထပ်မံစုံစမ်းနေဆဲသာ ဖြစ်ပြီး စာရင်းတိကျပါက သတင်းထုတ်ပြန်ပေးသွား မည်ဟု တောကြီးမြွေဟောက်အဖွဲ့ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အလားတူ မတ်လ ၁၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်ကလည်း စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ဖြင့် ခြေလျင် စစ်ကြောင်းထိုးလာစဉ် မင်းထိန်ကျေးရွာနှင့် ပဝတ်ကုန်းကျေးရွာကြား လမ်းပိုင်းတစ်နေရာမှာပင် တောကြီးမြွေ ဟောက် အဖွဲ့မှ ပဒေသာမိုင်း ၄ လုံးဆွဲ၍ တိုက်ခိုက်ခဲ့သေးသည်ဟု ပြောသည်။

တိုက်ခိုက်မှုအပြီး တောကြီးမြွေဟောက်အဖွဲ့က နယ်မြေရှင်းလင်းရာတွင် စစ်ကောင်စီတပ်မှ ကျန်ခဲ့သည့် ၄၀ မမ ဗုံးသီး ၆ လုံး သိမ်းဆည်းရရှိခဲ့သည့်အပြင် သွေးကွက် သွေးစက်များကို တွေ့ခဲ့ရသောကြောင့် ထိခိုက်သေဆုံးမှု များ ရှိနိုင်သည်ဟု King Cobra Force အဖွဲ့တာဝန်ရှိသူက ဆိုသည်။

နှစ်ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်မှုအတွင်း တောကြီးမြွေဟောက်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ ဘူးဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်အုပ်ချုပ်ရေးဒေသ ဖြစ်သည့် ပုလောမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနိုင်သည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် သေချာစုံစမ်းပြီးမှ ခရီး သွားလာကြရန်နှင့် စစ်ယာဉ်တန်းများ၊ သတင်းပေးထောက်တိုင်များ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် ဝေးရာတွင် နေကြပါရန်လည်း ပြည်သူ့ကာကွယ်ရေး အဖွဲ့များက သတိပေး မေတ္တာရပ်ခံထားသည်။

ထို့အပြင် မတ်လ ၁၂ ရက်နေ့ကလည်း ပုလောမြို့နယ် အတွင်းရှိ ကဗျာကျေးရွာအနီး တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး အပါအဝင် လေးဦးသေဆုံးခဲ့ပြီး PDF ပူးပေါင်းတပ်ဘက်က လည်း တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးသွားသည်ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – သိမ်းဆည်းရရှိခဲ့သည့် ၄၀ မမ ဗုံးသီး ၆ လုံး