သေဆုံး ပုပ်ပွနေသော တောဆင်ရိုင်း နှစ်ကောင်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်။
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းက သစ်တောကြိုးဝိုင်း အတွင်း အသတ်ခံရပြီး သေဆုံးပုပ်ပွနေသော တောဆင်ရိုင်း ၂ ကောင်ကို တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
မတ်လ ၁၃ ရက်နေ့က ကညင်ကွင်း သစ်တောကြိုးဝိုင်းကွက် တောတွင်းချောင်းဖျားနေရာတွင် အရေခွံဆုတ် ခံရပြီး ပုပ်ပွသေဆုံးနေပြီဖြစ်သော တောဆင်ရိုင်း ၂ ကောင်ကို ဒေသခံများ၏ သတင်းပေးပို့ချက် အရ တွေ့ရှိ ခဲ့ရသည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောသည်။
ဒေသခံ သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင်တစ်ဦးက “ဆင်က စွယ်စုံ တစ်ကောင်နဲ့ အစွယ်မရှိတဲ့ ဟိုင်းတစ်ကောင်ကို သေနေတာကို တွေ့တာ။ နှာမောင်းပြတ်နေတယ် အစွယ် မရှိတော့ဘူး။ အရေခွံ ဆုတ်ခံ ထားရတယ် ဆိုတော့ မုဆိုးတွေသတ်ပြီး ပစ်ထားခဲ့တာ” ဟု ပြောသည်။
အစွယ်ဖြတ်ယူသွားခြင်း ခံရသည့် အမြင့် ၈ ပေ ရှိသော စွယ်စုံ ဆင်အထီး တစ်ကောင်နှင့် အမြင့် ၈ ပေ ၆ လက် မရှိ ဟိုင်းဆင်တစ်ကောင်တို့ သေဆုံးနေပြီး မြင်မကောင်းအောင် ပုပ်ပွနေသဖြင့် တွေ့ရှိသည့် နေရာတွင်ပင် ရဲ တပ်ဖွဲ့၊ သစ်တောရဲနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဒေသခံများက ပြော သည်။
ဆင်နှစ်ကောင် စလုံးမှာ အရေခွံ ဆုတ်ယူခံထားရသည့်အပြင် နှာမောင်း နှင့် ဆင်သို (ဆင်ထီးမျိုးပွားအင်္ဂါ) တို့ကိုလည်း ဆင်သတ်မုဆိုး များက ဖြတ်ယူသွားသည်ဟု ဒေသခံ ဆင်ချစ်သူများအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ဒေသခံ ဆင်ချစ်သူများအဖွဲ့ဝင် တစ်ဦးက “ပုသိမ်ခရိုင်ထဲမှာ ဒီနှစ်စအတွင်း မှာပဲ တော ဆင်ရိုင်း အသတ်ခံရတာ ၄ ကောင်တောင် ရှိနေတော့ တော်တော်များတယ်” ဟု ပြောသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကလည်း ပုသိမ်မြို့နယ်၊ ချောင်းသာ သစ်တောကြိုးဝိုင်းအတွင်း စွယ်စုံ တော ဆင်ရိုင်းတစ်ကောင် အသတ်ခံခဲ့ရကာ မတ်လ ၃ ရက်နေ့က ငပုတောမြို့နယ် ဆင်မ သစ်တောကြိုးဝိုင်း တွင် ဟန်အမျိုးအစား တောဆင်ရိုင်း တစ်ကောင် အသတ်ခံလိုက်ရသည်။
ထို့နောက် ယခု သာပေါင်းမြို့နယ် ကညင်ကွင်း သစ်တောကြိုးဝိုင်းကွက်အတွင်း တောဆင်ရိုင်း ၂ ကောင် ထပ်မံ အသတ်ခံလိုက်ရသည်။
ပုသိမ်ခရိုင် အတွင်းက ပုသိမ်၊ သာပေါင်း၊ ငပုတော၊ ရေကြည်မြို့နယ် ထဲက သစ်တောကြိုးဝိုင်း နေရာများမှာ အနောက်ရိုးမနှင့် တစ်ဆက်စပ်တည်း ရှိနေပြီး တောဆင်ရိုင်း အကောင်ရေ ၂၀၀ ကျော်ဝန်းကျင်ခန့် လှည့်လည် ကျက်စားနေသည်ဟု ဒေသခံ တောဆင်ရိုင်း ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၏ မှတ်တမ်းများ အရ သိရသည်။