အိမ်စီးကား ပစ်ခံရ၊ တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအနီးတွင် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသား ၁ ဦး သေဆုံးကာ၊ အမျိုးသမီး ၁ ဦးနှင့် ကလေး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မတ်လ ၁၅ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာ သာယာကုန်းရပ်ကွက်နေ အသက် ၃၄ နှစ်အရွယ် ဦးလွင်မိုးအေးနှင့်အတူ အသက် ၃၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၈ နှစ် အရွယ်ကလေး ၁ ဦး စီးနင်းလာသည့်ကား ပစ်ခတ်ခံရခြင်းဖြစ်သည်။

ရေးဒေသခံတစ်ဦးက “ယာဥ်မောင်းကတော့ ပစ်ခတ်ခံရတဲ့နေရာမှာပဲ သေဆုံးသွားခဲ့တယ်။ အမျိုးသမီးနဲ့ ကလေးကတော့ ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်။ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တာလဲဆိုတာတော့ မသိသေးဘူ” ဟု ပြောသည်။

ဦးလွင်မိုးအေးတို့ ၃ ဦးသည် မော်လမြိုင်တွင် ဆေးခန်းပြရန် ကားမောင်းနှင်လာစဥ် ကျောင်းရွာကျေးရွာ အနောက်ဘက် အရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလွင်မိုးအေးသည် ရင်ဘတ်၊ နာထင်း၊ ခြေထောက်တို့တွင် ရရှိသည့် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး အမျိုးသမီးနှင့် ကလေးမှာ ကျည်ရှပ်ထိ ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ အိမ်စီးကား ပစ်ခတ်ခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမှ တစ်စုံတစ်ရာ ထုတ်ပြန် ထားခြင်းမရှိသေးပေ။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ရွာသစ် ကျေးရွာ လမ်းဝ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမတွင် ကုန်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ယာဉ် မောင်း တစ်ဦး သေဆုံးသွားခဲ့သေးသည်။

ရေးမြို့နယ်အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။