အရှေ့တောင်တိုင်းစစ်ဌာနချုပ် ပစ်ခတ်တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဝင်းအတွင်းကို လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြိုခံများက ပြောသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဝင်းထဲကို လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖွဲ့က ဒရုန်း သို့မဟုတ် ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု မော်လမြိုင်မြို့ခံများက ခန့်မှန်း ပြောဆိုကြသည်။

“တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်အတိအကျတော့ ကျနော်တို့လည်း သေချာ မသိဘူး။ အမျိုးမျိုး ပြောနေကြတယ်။ ကျနော်တို့ ခန့်မှန်းနေကြတာကတော့ ဒရုန်း ဒါမှမဟုတ် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတာဖြစ်နိုင်တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ မတ်လ ၁၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင် အချိန်ခန့် က တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဝင်းထဲ ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ပေါက်ကွဲမှုကြောင့် အဆောက်အအုံတခု ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟုလည်း မြို့ခံများက ပြောသည်။

စစ်တပ်ထောက်ခံသူများ၏ Facebook လူမှုကွန်ရက် စာမျက်နှာအချို့တွင်မူ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဝင်းထဲကို ရှော့တိုက်ဒုံး ၃ လုံး ပစ်ခတ်ခံရပြီး အိမ်ထောင်သည် လိုင်းခန်းပေါ် တစ်လုံး ကျရောက်ကွဲခဲ့သည်ဟု ရေးသားထားကြသည့်။

အလားတူ တိုင်းငွေစာရင်းရုံး အနောက်ဘက်တောထဲတွင်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု လူမှုကွန်ရက် စာမျက်နှာအချို့တွင် စစ်တပ်ထောက်ခံသူများက ရေးသားထားကြသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရမှုဖြစ်စဥ်နှင့် ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိကိုမူ အသေးစိတ်အချက်ကို စုံစမ်းဆဲဖြစ်သည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို မည်သည့်အဖွဲ့အစည်းက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကိုလည်း လက်ရှိအချိန် ထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လခန့်တုန်းကလည်း အရှေ့တောင်တိုင်း စစ်ဌာန ချုပ်အား မော်လမြိုင်မြို့ ရွှေနတ်တောင်ပေါ်မှ ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးနှစ်လုံးကို စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ က တွေ့ရှိသိမ်းဆည်းရမိခဲ့သည့် ဖြစ်စဥ် ရှိခဲ့သည်။

မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်အတွက် ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိက တာဝန်ယူ ဆောင်ရွက်နေရသည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး အကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။