လက်နက်ကြီးကျည်ကြောင့် လူ ၂ ဦးသေ၊ ကိုယ်ဝန်ဆောင် တစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကရဝေးဆိပ် အထက်စုကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ကြောင့် အမျိုးသား ၂ ဦးသေဆုံးပြီး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ များက ပြောသည်။

ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ကြား ရန်ကုန် – မော်လမြိုင် အဝေးပြေးကားလမ်းမဘေးရှိ သံတံတားဂိတ် တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း ကို ကျိုက်ထိုတော်လှန်ရေးအင်အားစုနှင့် KNU ပူးပေါင်းတပ်ဖွဲ့တို့က နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် သံတံတားဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနှင့် ကင်မွန်းစခန်းရှိ စစ်ကောင်စီတပ် ရဲကုန်း လက်နက်ကြီး အထိုင်ထားသည့်နေရာများမှ မတ်လ ၂၀ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင် အချိန်ခန့်တွင် လူနေကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဘီးလင်းဒေသခံတစ်ဦးက “စစ်ကောင်စီတပ်တွေက သူတို့စခန်း တိုက်ခိုက်ခံရပြီးဆိုရင် ဒီလိုပဲ လူနေကျေးရွာ တွေဘက်ကို လက်နက်ကြီး တွေနဲ့ ရမ်းသမ်းပစ်တော့တာ၊ လူထိသေဆုံးတာတွေလည်း ရှိနေတယ်။ လက်နက် ကြီးတွေနဲ့ ပစ်ခတ်နေလို့ ရွာ မှာလည်း မနေရဲကြတော့ ထွက်ပြေးနေရတာလဲရှိတယ်။ တခါတလေ ဘာတိုက်ပွဲ ဘာတိုက်ခိုက်မှုမှ မရှိလဲ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်စခန်းများမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ဘီးလင်းမြို့နယ် ကရဝေးဆိပ် အထက်စုကျေးရွာရှိ ဦးအောင်လွင်ဆိုသူ၏ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ပေါ်တည်ရှိနေသည့် အသက် ၅၀ နှစ်အရွယ် ဦးကုလားဆိုသူ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဦးအောင်လွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကာ ၎င်း၏ဇနီးဖြစ်သူ ကိုယ်ဝန်သည်လည်း ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

ဒဏ်ရာပြင်းထန်သည့် ဦးအောင်လွင်ကို ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံမှတဆင့် ရန်ကုန်သို့ လွှဲပြောင်းပို့ဆောင် စဥ် လမ်းတွင် သေဆုံးသွားခဲ့ပြီး ဦးအောင်လွင်၏ ဇနီးမှာမူ ဘီးလင်းဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောသည်။

မတ်လ ၁၈ ရက်နေ့၊ ညနေ ၃ နာရီခွဲ အချိန်ခန့်က သထုံအခြေစိုက် အမြှောက်တပ် ၃၁၄ တပ်ရင်းမှ လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အဝင်းကြီးကျေးရွာဘေးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅ နှစ်အရွယ်ကလေးငယ် ၁ ဦး သေဆုံးသွားခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ် ခလရ-၂၄ တပ်ရင်းမှ ကျုံမိန်ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေး ၂ ဦးသေဆုံးပြီး၊ ၂ ဦး ပြင်းထန် ဒဏ် ရာများ ရရှိခဲ့သည်။

ဇန္နဝါရီလအတွင်းကလည်း သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။