တိုင်းပို့ဆောင်ရေးရုံး လက်လုပ်ဗုံးဖြင့် တိုက်ခံရ၊ ဒုဦးစီးမှူး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်။

မန္တလေးတိုင်း ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနရုံး လက်လုပ်ဗုံးပစ် တိုက်ခိုက်ခံရပြီး ဒုဦးစီးမှူး အပါအဝင် ဝန်ထမ်း ၄ ဦး ထိခိုက်မှုရှိခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် တိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနရုံးအား မြို့ပြ ပြောက်ကျားတပ်ဖွဲ့များမှ လက်လုပ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ AST-MDY ပျောက်ကြားတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “အထဲဝင်အပစ်မှာ ဝန်ထမ်း ၂ ယောက်က ဖမ်းဖို့ ကြိုးစားတဲ့အချိန် ရဲဘော်က ရှောင်ပြီး ဖောက်ခွဲခဲ့တာပါ။ အတွင်းသတင်းအရ ၄ယောက် ဒဏ်ရာရ တယ်လို့ သိရပါတယ်။ ဖရဲသီးက သိတာ မဟုတ်ဘူး။ နီးစပ်ရာက သိတာ” ဟု ပြောသည်။

အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၊ ၈၃ လမ်း၊ ၃၄-၃၅ လမ်းရှိ တိုင်းပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနရုံး အတွင်းသို့ မတ်လ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင် အချိန်ခန့်က ပြောက်ကျားရဲဘော် တစ်ဦးတည်း တင်ရောက်လာပြီး ခါးပတ်ဇစ်အိတ်ကိုဖွင့်၍ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု အောင်စည်တော်စစ်ဆင်ရေး (AST-MDY) ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ရုံးကို ဖောက်ခွဲရာတွင် အကြီးတန်းစာရေး ဦးကျော်ထက်နှင့် ဦးဝင်းမင်းပိုင်တို့က ပြောက်ကျားရဲဘော် တစ်ဦးအား ဝင်ရောက်လုံးထွေး သတ်ပုတ်ခဲ့ခြင်းကြောင့် ၎င်းတို့ ၂ ဦးကြားမှကျော်၍ အခြားဝန်ထမ်းများ ရှိရာသို့ ဗုံးပစ်ထည့်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ဗုံးပစ်ထည့်ပြီးနောက် ဒု-ဦးစီးမှူး ဦးလွှမ်းမိုးနှင့် အကြီးတန်းစာရေး ဦးဇော်မြင့်တို့မှာ ခြေထောက်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး အငယ်တန်း စာရေးများဖြစ်သည့် ဒေါ်သူသူအောင်နှင့် ဒေါ်လှစံပါယ်ကျော်တို့မှာ နားရွက်၊ ပေါင်ခြံနှင့် ဦးခေါင်းတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများက ထုတ် ပြန်ထားသည်။

၎င်းတို့၏ ဝါဒဖြန့် မီဒီယာများတွင် မစိုးရိမ် ဒဏ်ရာများ ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသော်လည်း နီးစပ်သူအချို့က ၄ ဦးလုံး ဒဏ်ရာပြင်းထန်ပြီး ၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူ ၄ ဦးမှာ မန္တလေးဆေးရုံကြီး၊ အရေးပေါ် လူနာဆောင်တွင် ကုသမှု ခံယူနေပြီး စစ်ကောင်စီက လုံခြုံရေး အစောင့်အကြပ်များ ချထားပေးသည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးတွင် ပြည်သူများ၏ ဝိုင်းဝန်း ကူညီမှုကြောင့် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု AST-MDY ပျောက်ကြားတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

“အင်မတန် အားရှိပါတယ်။ ပြည်သူတွေဟာ ကျနော်တို့ဘက် အများကြီး ရပ်တည်နေတယ်ဆိုတာ အခု ဖြစ် စဉ်နဲ့ သက်သေပြနိုင်ခဲ့ပါတယ်။ လျက်ဆား(လက်လုပ်ဗုံး) ပစ်ခွဲပြီးတဲ့နောက် ပြန်အဆုတ်မှာ ရုံးအပြင်မှာအထိ သူခိုး‌လို့ အော်ပြီး ဖမ်းဆီးစေခဲ့ပါတယ်။ ရုံးအပြင် ရောက်တဲ့အထိ အပြေးလိုက်အော်ပေမယ့် ပြည်သူတွေ အရေးမလုပ်ဘဲ ပူးပေါင်း ပါဝင်တာကို အားတက်စရာ တွေ့ရပါတယ်။”

AST-MDY ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် ပြည်သူကို နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် စစ်ကောင်စီ၏ မည် သည့် ထောက်တိုင်မဆို ရှင်းလင်း ဖယ်ရှားသွားမည်ဖြစ်ပြီး စစ်ရေး အရှိန်မြင့် လုပ်ဆောင်သွားမည် ဖြစ်သော ကြောင့် စစ်ကောင်စီတပ်သားများ၊ ၎င်းတို့ထောက်တိုင်များနှင့် ခပ်ဝေးဝေးမှ နေကြရန် ပြည်သူများကို သတိပေး တောင်းဆိုထားသည်။

အလားတူ မတ်လ ၂၀ ရက်နေ့၊ နေ့ည ၇ နာရီခွဲ အချိန်ခန့်တွင်လည်း ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာ အနောက်ရပ်ကွက်ရှိ ဓနသိန္ဒီ အောင်တော်မူ စေတီအား အမည်မသိ အမျိုးသား ၃ ဦးမှ လက်လုပ်ဗုံးဖြင့် ပစ်ခတ် မှုကြောင့် စေတီဝင်း အတွင်းရှိ ဓမ္မာရုံ၏ မှန် ၇ ချပ် ပျက်စီးခဲ့သည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။

သို့သော် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ AST-MDY အဖွဲ့ထံ ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့ လက်ချက် မဟုတ်ကြောင်းနှင့် ၎င်းတို့ အနေဖြင့်လည်း စုံစမ်းနေဆဲဖြစ်ကြောင်း ပြောသည်။