ကျောက်ကြီးတွင် မြေမြုပ်မိုင်းကြောင့် အရပ်သား ၃ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်။

ကျောက်ကြီးတွင် စစ်ကောင်စီ မြေမြုပ်မိုင်းကြောင့် အရပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်။

ပဲခူးတိုင်း ဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်များ ထောင်ထားသည့် မြေမြုပ်မိုင်းအား ခရီးသွားယာဉ်တစ်စီးမှ ဖြတ်မောင်းမိပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

ညောင်လေးပင် ပရဟိတ္တအဖွဲ့မှ အဖွဲ့ဝင် အမျိုးသားတစ်ဦးက “၃ ယောက်လုံး ကိုယ်လက်အင်္ဂါ အစိတ်အပိုင်း တွေ တစ်စစီ လိုက်ကောက်ရတယ်။ တချို့ အစိတ်ပိုင်းတွေဆို ရှာမတွေ့ဘူး။ ကားသမားတော့ ခြေ ၂ ဖက် ပြတ် တယ်။ ခရီးသည် တစ်ယောက်ကလည်း အခြေအနေ မကောင်းဘူး” ဟု ပြောသည်။

ဒရိုင်ဘာ ဦးကျင်ကောက် မောင်းနှင်လာသည့် ဝင်းရတနာ အန်စာတုံး ခရီးသွားကားတစ်စီးသည် မတ်လ ၂၀ ရက် နေ့၊ နံနက် ၇ နာရီဝန်းကျင် အချိန်ခန့်တွင် နတ်သံကွင်းကျေးရွာသို့ တံတားရှောင်ကွင်းလမ်းအတိုင်း မောင်းနှင်လာ စဉ် ညောင်ကုန်းတံတားအနီး၌ မြေမြုပ်မိုင်း နင်းမိပြီး ပြင်းထန်စွာ ပေါက်ကွဲခဲ့ရာ အရပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၂ ဦးပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

သေဆုံးသူ ၃ ဦးမှာ ဦးကြည်လွင်၊ ဦးဟန်သာ၊ ဒေါ်ဥမ္မာတို့ ဖြစ်ပြီး ကားဒရိုက်ဘာ ဦးကျင်ကောက်နှင့် ကားရှေ့ခန်း တွင် လိုက်ပါလာသည့် ဒေါ်မဲတို့မှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ညောင်လေးပင် ပရဟိတ္တ အဖွဲ့မှ အဖွဲ့ဝင် က ဆက်ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ ၂ ဦးအား ညောင်လေးပင် ပရဟိတ္တအသင်းမှ ကျောက်ကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး လမ်းတစ်လျှောက်လုံးတွင် စစ်ကောင်စီတပ်များ အစစ်ဆေးတင်းကြပ်လျက် ရှိသည်ဟု ဆို သည်။

ညောင်လေးပင် – ကျောက်ကြီး လမ်းမတစ်လျှောက်တွင် စစ်ကောင်စီတပ်များမှ တော်လှန်ရေး အင်အားစုများနှင့် စစ်ဘေးရှောင် ပြည်သူများထံသို့ ရိက္ခာများ မပို့ဆောင်နိုင်အောင် မြေမြုပ်မိုင်းများ ထောင်ထားခြင်း ဖြစ်နိုင်သည် ဟု ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ကျောက်ကြီးမြို့အတွင်းသို့ မကြာခဏ လက်ကြီးများဖြင့် ပစ်ခတ်နေသော ကြောင့်လည်း မြို့ခံပြည်သူများမှာ ထွက်ပြေး တိမ်းရှောင်နေရသည်။

အချို့ဒေသခံများမှာ စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ထိမှန်ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးသည်အထိ ထိခိုက်မှုများလည်း ရှိနေသည်ဟု ကူညီပေးနေသူများက ဆိုသည်။

ကျောက်ကြီးမြို့နယ်၊ သာစည်ကျေးရွာရှိ ယောချောင်း အနီးတွင် မတ်လ ၄ ရက်နေ့ကလည်း အသက် ၁၃ နှစ် အရွယ် နွားကျောင်းသား မောင်မင်းသူ ဆိုသူမှာ နွားကျောင်းနေစဉ် စစ်ကောင်စီက ထောင်ထားသည့် မြေမြုပ်မိုင်း တက်နင်းမိပြီးနောက် ခြေကျဉ်းဝတ် ပြတ်ထွက်ဒဏ်ရာ ရရှိခဲ့သေးသည်။

ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်သည် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုများ ရှိနေသည့် ဒေသများ ဖြစ်ပြီး ယခင် စစ်တပ်က အာဏာမသိမ်းခင် ကာလများကတည်းက မြေမြုပ်မိုင်းများ မကြာခဏ ပေါက်ကွဲခဲ့ဖူး သည်။