ဒီးမော့ဆိုမြို့နယ် တိုက်ပွဲများ ဆက်ဖြစ်ပွား၊ စစ်ကောင်စီဘက် အကျအဆုံးရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်။

ကယား(ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ် (DMO-PDF)တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးခန့် သေဆုံးနိုင်သည်ဟု ကရင်နီ သတင်းအရင်းအမြစ်များက ပြောသည်။

မတ်လ ၂၀ ရက်နေ့ နံနက် ၆ နာရီ အချိန်၌ ဒေါငံခါးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား အင်အား ၅၀ ကျော်ခန့်နှင့် ဒီးမော့ဆို အနောက်ဘက်ကမ်းတစ်လျှောက် ရှေ့ကင်းလှည့်ထွက်လာသည့် DMO PDF အဖွဲ့တို့ ထိပ်တိုက် တွေ့ပြီးနောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးနိုင်သည်ဟု DMO PDF တာဝန်ရှိသူများက ‌ပြောသည်။

DMO PDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “စစ်မြေပြင်မှာ တိုက်ပွဲဝင်တဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေ ပြော ကြားချက်နဲ့ပဲ အတည်ပြုလို့ ရတယ်ပေါ့နော်။ နောက်တစ်ခုက လက်နက်ကြီး အများကြီး ကျတယ်ပေါ့နော်။ စစ်ကောင်စီက သူ့ထုံးစံအတိုင်းပေါ့။ ထိခိုက် ဒဏ်ရာရတာ၊ ကျဆုံးတာ များပြီဆိုရင် လက်နက်ကြီး အင်အား အလုံးရင်း သုံးပြီးတော့ ပစ်ခတ်တာမျိုးတွေ အများရီး ရှိတာပေါ့။ ဒါက သင်ခန်းစာ အများကြီး ရှိပြီးပြီပေါ့ နော်။ ဒါက သူတို့ လုပ်ရိုးလုပ်စဉ်ပဲပေါ့” ဟု ပြောသည်။

တိုက်ပွဲမှာ ၇ နာရီခန့် ကြာမြင့်ခဲ့ပြီးနောက် နေ့လည် ၁ နာရီခန့်တွင် ပြီးဆုံးခဲ့သော်လည်း ဒီးမော့ဆိုမြို့ နယ်၊ ငွေတောင် အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၁၀၂ နှင့် ခြေမြန်တပ်ရင်း (ခမရ) ၄၂၇ တို့မှ လက်နက်ကြီးများဖြင့် အကြိမ် ၅၀ ထက်မနည်း ရမ်းသန်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်မှုကြောင့် DMO-PDF အဖွဲ့ဘက်က ရဲဘော် ၄ ဦး မစိုးရိမ် ဒဏ်ရာများ ရရှိခဲ့သည်ဟု DMO PDF ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောသည်။

“စိုးရိမ်ရတဲ့ အခြေနေ မရှိပါဘူး။ ကျနော်တို့ ထုတ်ပြန်ထားတဲ့ အတိုင်းပေါ့နော်။ ဒဏ်ရာရတာ ၄ ယောက် မှန် ကန်ပါတယ်။ အားလုံးက သူတို့ တာဝန်ကျရာ နေရာအသီးသီး ဌာနရှိတဲ့ တပ်ရင်းတွေဆီ ပြန်လာပြီပေါ့နော်။ ဆေးဝါးတော့ ကုသနေရတုန်းပေါ့။ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူး။”

တိုက်ပွဲဖြစ်ပွားပြီးနောက် မတ်လ ၂၁ ရက်နေ့တွင် DMO-PDF အဖွဲ့မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်များဘက်က ၎င်းတို့ရဲဘော်များ၏ အလောင်းများကို သယ်ယူပြီး တပ်ပြန်ဆုတ်သွားသည်ဟု ဆိုသည်။

သို့သော် ၎င်းတို့ တပ်ဆုတ်သွားသည့် နေရာမှာ ဒီးမော့ဆို မြို့အတွင်းသို့ဖြစ်ပြီး လူနေအိမ်များတွင် တပ်စွဲထား သောကြောင့် မြို့ခံပြည်သူများက စိုးရိမ်ထိတ်လန့်နေကြသည်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာရှိ ၄ ထပ်တိုက်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက စစ်ကောင်စီ တပ်များက တပ်စွဲထားပြီး ၎င်းတို့၏ စစ်ရေးဗျူဟာများအား တော်လှန်ရေး အင်အားစုများမှ မရိပ်မိစေရန် တပ် ရင်း/တပ်မများကို မကြာခဏနေရာ ပြောင်းရွှေ့နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ဆို သည်။

စစ်ကောင်စီတပ်များသည် မတ်လ ၇ ရက်နေ့ကတည်းက ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်လျှောက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် အရပ်သား ၁၀,၀၀၀ ကျော်ခန့်က စစ်ဘေးရှောင်နေရသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့အစည်း တာဝန်ရှိသူများက ပြောသည်။