လောင်းလုံးတွင် စစ်ကောင်စီက နယ်မြေရှင်း စစ်ဆင်ရေး လုပ်၊ ရွာသားများ ရိုက်နှက် ဖမ်းဆီး ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်။

လောင်းလုံးမြို့နယ်၊ နယ်မြေရှင်းလင်းရန်ဟုဆိုကာ စစ်ကြောင်းထိုး ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်းရှိ နေအိမ်များကို မွှေနှောက်ဖျက်ဆီးပြီး ရွာသားအချို့ကို ဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု ဒေသခံများ က ပြောသည်။

အင်အား ၈၀ ကျော်ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် လောင်းလုံးမြို့နယ် သကျက်တောကျေးရွာသို့ မတ် လ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီက လက်နက်ကြီး/ငယ်များ ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာပြီးနောက် ထို့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “မွန်းတည့်ပိုင်းမှာ ရွာထဲကလူမရှိဘဲ တံခါးပိတ်ထားတဲ့ အိမ်တွေကို ရိုက်ဖျက်ပြီး ဘီရို၊ သေတ္တာတွေထဲက တန်ဖိုး ကြီးပစ္စည်းတွေကို မွှေနှောက်ယူဆောင်ကုန်ကြတာ။ ဖျက်ဆီးခံရတာက အိမ် ၃၀ လောက်ရှိတယ်” ဟု ပြောသည်။

သကျက်တောကျေးရွာအတွင်းက အိမ်ခြေ အလုံးရေ ၃၀ ခန့် ဖျက်ဆီးခံလိုက်ပြီး အဆိုပါ အိမ်များအတွင်းရှိ အဖိုးတန်ပစ္စည်းများကိုလည်း သိမ်းယူသွားသည်ဟု ဒေသခံများက ပြောသည်။

ကျေးရွာအတွင်းသို့ အဖွဲ့သုံးဖွဲ့ခွဲ၍ ဝင်ရောက်လာသည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့က စာသင်ကျောင်းဝင်း အတွင်း စခန်းချ တပ်စွဲခဲ့ကြောင်း တိမ်းရှောင်နေရသူ အသက် ၃၅ နှစ်အရွယ် သကျက်တောရွာသားတစ်ဦးက ဆို
သည်။

သကျက်တောကျေးရွာအတွင်း စစ်ကောင်စီတပ် ဝင်လာချိန် ရွာသားအများစုမှာ စိုးရိမ်ကြောက်လန့်ကာ ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး သက်ကြီးရွယ်အိုများနှင့် ရွာသားအနည်းငယ်သာ နေအိမ်များ အတွင်း ပုန်းရင်း ကျန်ရစ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

နေအိမ်များထဲ ပုန်းနေကြသည့် ရွာသားများကို နေအိမ်အပြင်သို့ ခေါ်ထုတ်ကာ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သည့်အပြင် ရွာခံ အမျိုးသားအချို့ကို ဖမ်းဆီးရိုက်နှက်မှု များ ပြုလုပ်ခဲ့သည်ဟု ပြောသည်။

ထို့နောက် မတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရဘဲကျေးရွာဘက်သို့ စစ်ကောင်စီတပ်သား အချို့ ဆင်းသွားသည် များ ရှိခဲ့သော်လည်း အများစုမှာ ယနေ့အချိန်ထိ ရွာစာသင်ကျောင်းဝင်းထဲမှာပင် ဆက်ရှိနေသေးသည်ဟု ရွာသား များက ပြောသည်။

သကျက်တောကျေးရွာတွင် ယခင်က နယ်မြေခံ ရဲစခန်းရှိခဲ့ပြီး ယခုနှစ် ဇန္နဝါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့များက စခန်းကိုစွန့်ခွာပြီးနောက် PDF တပ်ဖွဲ့များမှ အဆိုပါ ရဲစခန်းအဆောက်အအုံများကို မီးရှို့ဖျက်ဆီးလိုက်သည်။

မတ်လ ၂၀ ရက်နေ့၊ နံနက် ၅ နာရီခန့်မှာပင် လောင်းလုံးမြို့ အောက်ဘက်ပိုင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်မှ သပြေရှောင်ကျေးရွာ အရှေ့ဘက် စန္ဒားဆိပ်နေရာရှိ အလုပ်စခန်းတဲများ အားလုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ်များကိုလည်း သိမ်းယူသွားသည်ဟု ဒေသခံများက ဆိုသည်။

စန္ဒားဆိပ်ရှိ တဲများတွင် သပြေရှောင်ရွာသားများက ထားဝယ်မြစ်အတွင်းမှ ဖမ်းဆီးရမိသည့် ရေထွက်ပစ္စည်း များကို ကုန်ချောအဖြစ် ငပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်များ ထုတ်လုပ်ရောင်းချကာ အသက်မွေးဝမ်းကျောင်းပြု သည့် နွေရာသီ ယာယီစခန်းနေရာ တစ်ခုဖြစ်သည်။

မတ်လ ၁၆ ရက်နေ့မှစတင်ပြီး လောင်းလုံးအောက်ပိုင်း နယ်မြေများအား စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်ဖွဲ့မှာ သကျက်တောကျေးရွာသို့ မရောက်မှီ ကဒက်ငယ်ထိန်၊ ကဒက်ကြီး၊ ပြင်ကျောင်း၊ ကြက်ယက်တွင်း၊ ဟင်းချိုတော၊ သံလျှင်၊ သပြေရှောင် နှင့် တောကျဲကျေးရွာများသို့ တောက်လျှောက်စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။