လောင်းလုံးရှိ ကျေးရွာနှစ်ရွာမှ အိမ် ၁၀၀ ကျော်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး၊ မီးငြိမ်းသူ ရွာသားကို ပစ်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်။

လောင်းလုံးမြို့နယ်အတွင်းက ရွာနှစ်ရွာမှ နေအိမ်အလုံးရေ ၁၃၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး သွားခဲ့သည့်အပြင် ရွာသားတစ်ဦးကိုလည်း ပစ်သတ်သွားသည်ဟု ဒေသခံများက ပြောသည်။

ရေလမ်းခရီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ညောပြင်ကျေးရွာနှင့် အောက်ကျောက်ဝပ်ကျေးရွာအတွင်းရှိ နေအိမ် ၁၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး မီးငြိမ်း သတ်နေသည့် ရွာသားတစ်ဦးကိုလည်း သေနတ်နှင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

အောက်ကျောက်ဝပ်ကျေးရွာက နေအိမ်များကို မီးရှို့နေချိန် မီးငြိမ်းသတ်ရန်သွားသည့် ကိုခမ်းမဲ အသက် ၂၃ နှစ် ဆိုသူကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ဦးခေါင်းကို အနီးကပ် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု အသက် ၅၀ ခန့် အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “ညနေ ၄ နာရီလောက်မှာ ညောပြင်နဲ့ အောက်ကျောက်ဝပ် ရွာတွေ ထဲကနေ စစ်တပ်က ပြန်ထွက်သွားပေမယ့် ကျောက်နီမော်ရွာနဲ့ ကျောက်တွင်းရွာဘက်တွေမှာ ရှိနေသေး တယ်လို့ ကြားတယ်” ဟု ပြောသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ညောပြင်ကျေးရွာနှင့် အောက်ကျောက်ဝပ်ကျေးရွာက နေအိမ်များကို မတ်လ ၂၁ ရက်နေ့၊ မွန်းတည့် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဝင်ရောက် မီးရှို့ခဲ့ခြင်းဖြစ်သည်။

ရေလမ်းမှလာသည့် စစ်ကောင်စီတပ်က ညောပြင်ရွာမှ နေအိမ်များကို မွန်းတည့် ၁၂ နာရီခန့်တွင် စတင် မီးရှို့ခဲ့ပြီး အောက်ကျောက်ဝပ်ရွာမှ နေအိမ်များကိုမူ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

မီးရှို့ခံရမှုကြောင့် ညောပြင်ကျေးရွာမှ နေအိမ် ၉၆ ဆောင်နှင့် အောက်ကျောက်ဝပ်ကျေးရွာက နေအိမ် ၄၀ ခန့် မီးလောင်ပျက်စီးသွားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အဆိုပါ ကျေးရွာနှစ်ရွာမှ ထွက်ခွာသွားပြီးနောက် ရွာသားအနည်းငယ်က ရွာထဲဝင်လာ ပြီး မီးငြိမ်းသတ်ခဲ့ကြ‌သော်လည်း ည ၉ နာရီ အချိန်ခန့်ထိ နေအိမ်များ မီးလောင်ကျွမ်းနေဆဲ ဖြစ်သည်ဟု ဒေသခံများကပြောသည်။

မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာနှစ်ရွာက ဒေသခံအများစုမှာ စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာ သွားသော် လည်း မတ်လ ၂၂ ရက်နေ့ အချိန်ထိ နေရပ်ကို မပြန်ရဲကြသေးဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ အောက်ကျောက်ဝပ်ကျေးရွာက နေအိမ် ၅လုံးကို မီးရှို့ ခဲ့သည့်အပြင် ရွာသား ၆ ဦးကိုလည်း ဖမ်းဆီးကာ တစ်နေရာတည်းမှာ အစုလိုက် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြ သည်။

အောက်ကျောက်ဝပ်ကျေးရွာနှင့် ညောပြင်ကျေးရွာတို့သည် ထားဝယ်ဒေသအတွင်း အပန်းဖြေစခန်းတစ်ခုအဖြစ် နာမည်ကျော်ကြားသည့် ဖိုးဖိုးကျောက်ကမ်းခြေသို့ သွားရာလမ်းပေါ်တွင် တည်ရှိသည့် ရွာများဖြစ်သည်။

စစ်ကောင်စီတပ်များသည် စစ်ကိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အရပ်သား နေအိမ်များကို မီးရှို့ သည့် ဗျူဟာများကို ကျင့်သုံးနေရာမှ ယခု တနင်္သာတိုင်းအတွင်း၌ပါ အရပ်သားနေအိမ်များကို မီးရှို့လာနေခြင်း လည်း ဖြစ်သည်။