နှိပ်စက်မှုများ ရှိနေသော ပုသိမ်ထောင်အတွင်း ယခုလအတွင်း ရိုဟင်ဂျာ ၅ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်။
ပုသိမ်အကျဉ်းထောင်အတွင်း ရိုက်နှက်ခံရမှုအပြင် ထောင်တွင်း အစားအသောက်ခက်ခဲမှုများကြောင့် ယခု မတ်လထဲ ရိုဟင်ဂျာ ၅ ဦး သေဆုံးသွားသည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။
ကြောင်ဖမ်းချက်စားသည်ဟု ဆိုကာ ထောင်ဝန်ထမ်းများက ရိုက်နှက်ခဲ့ခြင်းကြောင့် ရိုဟင်ဂျာ တစ်ဦး မတ်လ တတိယပတ်ထဲ သေဆုံးသွားသည်ဟု ပုသိမ်အကျဉ်းထောင် ဝန်ထမ်းတစ်ဦးက ပြောသည်။
အကျဉ်းသားများကို တရားရုံး ထုတ်သော လုံခြုံရေး ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက “ဘင်္ဂါလီ တစ်ယောက် ထောင်ထဲမှာ ကြောင်ကို သတ်ပြီး ချက်စားလို့ အရိုက်ခံရတဲ့ ဒဏ်ရာနဲ့သေသွားတယ်။ ဗမာ အကျဉ်းသား တစ် ယောက်နဲ့ ပေါင်းပြီးချက်တာ။ အဲဒီ တစ်ယောက်လည်း ဆေးကုနေရတယ်။ ဒဏ်ရာတွေက မြင်လို့ မကောင်း ဘူး” ဟု ပြောသည်။
မတ်လ ၁၉ ရက်နေ့က ကြောင်ဖမ်းချက်စားသည့် ရိုဟင်ဂျာတစ်ဦးနှင့် အခြားအကျဉ်းသားတဦးတို့ကို ထောင်ဝန်ထမ်းများက ဝိုင်ဝန်းရိုက်နှက်ခဲ့ပြီးနောက် အဆိုပါ ရိုဟင်ဂျာ အကျဉ်းသားမှာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ရိုက်နှက်ခံရပြီး သေဆုံးသွားသည့် ရိုဟင်ဂျာ အကျဉ်းသားအပါအဝင် ပုသိမ်အကျဉ်းထောင်တွင် ယခုမတ်လ အတွင်း ရိုဟင်ဂျာ ၅ အထိ သေဆုံးမှုရှိနေပြီဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထောင်ဝန်ထမ်းတဦးက ပြောသည်။
သေဆုံးသွားသည့် ရိုဟင်ဂျာ ၅ ဦး အနက် ကျန် ၄ ဦးမှာ ထောင်တွင်းနေထိုင်မှုနှင့် ထောင်တွင်း အစား အသောက် ချို့တဲ့ပြီး နေထိုင်မကောင်း ဖြစ်ရာတွင် လုံလောက်သော ဆေးကုသမှု မရရှိခဲ့ခြင်းတို့ကြောင့် သေဆုံး ခဲ့ရခြင်း ဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သည့် ဒေသခံ မူဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။
ဧရာဝတီ မြန်မာ-မူဆလင် ကွန်ရက်အဖွဲ့ဝင် လူငယ်တစ်ဦးက “ကျနော်တို့ ဘာသာဝင်တွေ ထောင်ထဲမှာ သေဆုံး တာ သိရတယ်။ ဒါပေမယ့် ဓလေ့ထုံးတမ်း အစဉ်အလာနဲ့အညီ နာရေးကိစ္စ လုပ်ပေးလို့ မရဘူး“ ဟု ပြောသည်။
ထောင်တွင်း၌ ရိုဟင်ဂျာများ၏ ကျန်းမာအခြေအနေ နှင့် သေဆုံးမှုများအား အချိန်စောမီ၍ သိရှိခွင့်မရသည့် အပြင် ဒေသခံ ဘာသာတူ လူမှုရေး အသင်းအဖွဲ့များကိုလည်း ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာများအား လူမှုရေး အရ စားရေးသောက်ရေး ကိစ္စရပ်များကို ကူညီပေးခွင့် စစ်ကောင်စီက ခွင့်မပြုဟု ဆိုကြသည်။
ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းသားများ အားလုံးကို ထောင်ဝင်စာ ပို့ခွင့်ပိတ်ထားသည်မှာ ၃ လနီး ပါးရှိနေပြီ ဖြစ်သည်။
ထို့အပြင် ထောင်အာဏာပိုင်များနှင့် ထောင်အမှုထမ်းများက အရက်မူးလာပါကလည်း အကျဉ်းသားများကို နှိပ်စက်လေ့ရှိသည်ဟု အကျဉ်းသားဟောင်း အချို့၏ ပြောပြချက်အရ အသိရသည်။
ပုသိမ်ထောင်အတွင်း ယခုနှစ် ဇန္နဝါရီ ၆ ရက်နေ့က စစ်ကောင်စီ၏ အကြမ်းဖက် ဖြိုခွင်းခြင်းခံရသည့် ဆန္ဒပြ နိုင်ငံရေး အကျဉ်းသားများနှင့် အခြား အပြစ်ဒဏ်ကျ အကျဉ်းသားများကို ထောင်အာဏာပိုင်များက နေ့တိုင်း ညစဉ် ခေါ်ထုတ်ကာ နှိပ်စက်အနိုင်ကျင့်လျက်ရှပြီး အနိုင်ကျင့်ခံနေကြရသည့်သူများထဲတွင် ရိုဟင်ဂျာများလည်း ပါဝင်သည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူ အချို့က ဆိုသည်။
ရခိုင်ပြည်နယ်ဘက်မှ ဧရာဝတီတိုင်းအတွင်းကို ဝင်ပေါက် အသီးသီးမှ နယ်မြေဖြတ်ကျော်ကာ ဝင်ရောက်လာ ကြသည့် ရိုဟင်ဂျာ ၇၀၀ ကျော်ခန့်ကို စစ်ကောင်စီက ဖမ်းဆီးကာ ဧရာဝတီတိုင်းအတွင်းရှိက အကျဉ်းထောင် အသီးသီးတွင် ထားရှိပြီး ပုသိမ် အကျဉ်းထောင်ထဲတွင်မူ ဖမ်းဆီးခံ ရိုဟင်ဂျာ အကျဉ်းသာ ၂၀၀ ဝန်းကျင် ရှိနေသည်ဟု ထောင်ဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။