စစ်ကောင်စီ သတင်းပေးဆိုသူ ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်။

သရက်ချောင်းတွင် စစ်ကောင်စီထံ သတင်းပေးသူဟု ဆိုသူ အသတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်တွင် မြေပြင်တွင် သတင်းအချက်အလက်များ လိုက်လံ စုံစမ်းထောက်လှမ်းနေသည့် စစ်ကောင်စီ သတင်းပေးတစ်ဦး ကို ပစ်သတ်ခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားသည်။

အသက် ၄၀ခန့်အရွယ် စော်ဖျားရွာသားတစ်ဦးက “သူက ရဲအင်ဖေါ်မာလုပ်နေတာကြာပြီ။ အရင် စစ်အစိုးရ လက်ထက်ကတည်းကပါပဲ။ အခုလည်း စစ်အာဏာသိမ်းပြီးတာနဲ့ စစ်တပ် သတင်းပေး ဆက်လုပ်နေတာ” ဟု ပြောသည်။

ဦးမင်းဇော်ဦး အသက် ၅၀ နှစ် ဆိုသူကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်သတ်ခဲ့ခြင်းဖြစ် သည်ဟု မတ်လ ၂၂ ရက်နေ့၊ ညပိုင်းက စာအမှတ် ၂၉/၂၀၂၃ ဖြင့် ထုတ်ပြန်ထားသည်။

ပစ်သတ်ခံခဲ့ရသူ ဦးမင်းဇော်ဦးသည် ဆိုင်ကယ်ဖြင့် ဈေးရောင်းရာမှ အပြန် လမ်းတွင် အသင့်စောင့်ဆိုင်းနေသူ လူ ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မတ်လ ၁၉ ရက်နေ့၊ ညနေ ၅ နာရီခန့်က ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအနီး လမ်းပိုင်း တစ်နေရာတွင် ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

မြေပြင်ရှိ PDF တပ်ဖွဲ့များနှင့် သက်ဆိုင်သည့် သတင်းအချက်အလက် အကြောင်းအရာများကို ထောက်လှမ်း လျက်ရှိသော ဦးမင်းဇော်ဦးကို ပြည်သူ့ကာကွယ်ရေး စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ခိုင်မာသည့် သတင်း အချက်အလက်များအရ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည် ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

စစ်ကောင်စီတပ်အား သရက်ချောင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့များ၏ တည်နေရာနှင့် အင်အားများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်များ၏ အမည်နှင့် အချက်အလက်များအား သတင်းပေးပို့ထားရှိမှု၊ စော်ဖျားကျေးရွာ စစ်ကောင်စီတပ်၏ ဂိတ်စခန်းမှူးး ဗိုလ်လေးကိုဖြိုးနှင့် ဆက်သွယ်ထားရှိမှု မှတ်တမ်းများကို လည်း ရရှိထားသည်ဟု ဆိုသည်။

ထို့အပြင် ဦးမင်းဇော်ဦးထံမှ ခမရ-၄၀၄ တပ်ရင်းမှူး၏ ဆိုင်ကယ် ထောက်ခံချက် လက်မှတ်များအား သိမ်းဆည်း ရမိခဲ့ကြောင်းလည်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖေါ် ပြထားသည်။

သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့၏မြို့နယ်အတွင်း ပြည်ထောင်စု ကားလမ်းမကြီး တစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ရှိနေခြင်းကြောင့် ခရီးသွားပြည်သူများအနေဖြင့် မလိုအပ်ဘဲ သွားလာ ခြင်းများ မပြုကြရန်နှင့် သတိထားသွားလာကြဖို့ မေတ္တာရပ်ခံ အသိပေးထားသည်။