လက်နက်ကြီးကြောင့် အရပ်သား ထောင်ချီ ထွက်ပြေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်။
စစ်ကောင်စီလက်နက်ကြီးကြောင့် ကျိုက်ထိုမြို့နယ်အတွင်းက ဒေသခံထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးနေရ သည်ဟု ဒေသခံများက ပြောသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုတို့ကြောင့် ကျေးရွာ ၈ ရွာထက်မနည်းက ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
ဒေသခံတစ်ဦးက “ဘာတိုက်ပွဲမှလဲ မရှိဘဲနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ ညနေ ၄ နာရီကျော်လောက် ကတည်းက ပစ်နေတာ ပစ်ပြီးတော့ ငြိမ်သွားတယ်။ ည ၉ နာရီလောက်မှာ ပြန်ပစ်တယ်။ ၁၂ နာရီလောက် အထိ ကို ဆက်တိုက်ပစ်နေတော့တယ်။ လူတွေက မနေရဲကြတော့ ညတွင်းချင်းပဲ ဘေးလွတ်ရာကို ထွက်ပြေး ကြရတယ်” ဟု ပြောသည်။
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် စစ်ကောင်စီအမြှောက်တပ် ၃၁၀ နှင့် ကင်မွန်းစခန်း ရဲကုန်းတို့မှ မတ် ၂၁ ရက် ည ၉ နာရီကနေ ၁၂ နာရီအထိ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းအရှေ့ဘက်ရှိ တကေးချောင်းဖျား၊ ငှက်ပျော တော၊ ဇီးကုန်း၊ ပိတောက်တော၊ ချမ်းမြေ့၊ ကရဝေးဆိပ် အစရှိသည့် ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ်ကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေး အင် အားစု TPDF နှင့် KNLA, PDF, KRF ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များက လူထုနေထိုင်သည့် ကျေးရွာများဘက်ကို လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်များက လက်နက်ကြီးကျည် ၁၆ လုံးခန့် ပစ်ခတ်ခဲ့ကြောင်း ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များ အနက် ငှက်ပျောတောကျေးရွာထဲ ၇ လုံး၊ ကရဝေးဆိပ်အထက်စုကျေးရွာထဲ ၅ လုံးနှင့် အခြားနေရာ များဘက်သို့ ၄ လုံး ကျရောက် ပေါက်ကွဲခဲ့သည်။
စစ်ကောင်စီတပ်များက ကင်မွန်းစခန်း အရှေ့ဘက်ခြမ်းရှိ ကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် နေသည်မှာ မတ်လ ၁၉ ရက်နေ့ ညကစပြီး ယနေ့အချိန်ထိ ညတိုင်းနီးပါး ပစ်ခတ်နေသည်ဟုလည်း ဒေသခံ များက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်ကလည်း ကင်မွန်းစခန်း အရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းထိုး ဝင်ရောက်နေသည့်အတွက် ဒေသတွင်း စစ်ရေးတင်းမာနေသည့် အခြေအနေမျိုး ဖြစ်နေသည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့ ညကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ဘီးလင်းမြို့နယ် ကရဝေးဆိပ်အထက်စုကျေးရွာမှ အမျိုးသားနှစ်ဦးသေဆုံးကာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။