ကျိုက်ထို အခြေစိုက် စစ်ကောင်စီ တပ်ရင်း ၂ ခုကို တော်လှန်ရေး အင်အားစုများက လက်နက်ကြီးဖြင့် ပစ်ခတ်

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ နှင့် အမတ ၃၁၀ တို့ကို ကျိုက်ထို တော်လှန်ရေး အင်အားစု KRF နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

စစ်ကောင်စီ လက်အောက်ခံ ခမရ ၂၀၇ နှင့် အမတ ၃၁၀ တို့ကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး မတ်လ ၂၂ ရက်နေ့၊ ညနေ ၄ နာရီခွဲ အချိန်ခန့်က လက်နက်ကြီးများဖြင့် မိနစ် ၃၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ကျိုက်ထို တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစုက “တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ပူးပေါင်းအဖွဲ့တို့မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက် ထိခိုက်မှုအခြေအနေကိုတော့ စုံစမ်းလျက်ရှိတယ်” ဟု ထုတ်ပြန် ပြောဆို ထားသည်။

ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်မ ၄၄ ဌာန ရုံးချုပ်နှင့် တပ်မမှူးနေအိမ်တို့ကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု TPDF နှင့် KNLA၊ PDF၊ KRF ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်ကလည်း ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့သေးသည်။

ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြားရှိ သံတံတားဂိတ်ရှိ စစ်ကောင်စီ၏ တပ်စခန်းကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု TPDF နှင့် KN၊ PDF ပူးပေါင်းတပ်ဖွဲ့များ က မတ်လ ၂၀ ရက်နေ့က နံနက်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ် ဒရုန်းဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

ထိုသို့ စစ်ကောင်စီတပ်စခန်းများ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်တပ်များဘက်က လူထုများနေထိုင် သည့် ကျေးရွာများရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “သူတို့စခန်းတွေ တိုက်ခိုက်ခံရတိုင်း လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ရမ်းသမ်းပြီး ပစ် ခတ်တယ်။ ရွာထဲကျကွဲ တချို့ အိမ်ပေါ်ကျကွဲတာလည်း ရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်း၌ ကလေးငယ်များ အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိနေသည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ ညကလည်း မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးသွားခဲ့သည်။