မန္တလေးတွင် ရာအိမ်မှူး ၂ ဦးနှင့် ရဲတပ်သား တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်။

မန္တလေးပြောက်ကျားတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း ရာအိမ်မှူး ၂ ဦးနှင့် ရဲတပ်သားတစ်ဦး သေဆုံးသွားသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် အောင်စည်တော် စစ်ဆင်ရေး (AST-MDY) ပြောက်ကျားတပ်ဖွဲ့မှ ယမန်နေ့ မတ်လ ၂၂ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက်၊ ၈၀လမ်း၊ ၇¬၈ လမ်း ကြားရှိ Image ကဖေး ဆိုင်၌ ရာအိမ်မှူး ၂ ဦး လက်ဘက်ရည် ထိုင်သောက်နေစဉ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ် သည်ဟု အဖွဲ့တာဝန်ရှိသူ များက ပြောသည်။

AST-MDY ပျောက်ကြားတပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “သူတို့ အေးဆေးထိုင်နေတုန်း ရုတ်တရက် ဝင်ပစ်တာဆိုတော့ ခုခံချိန်တောင် မရလိုက်ပါဘူး။ သူတို့ သတင်းပေးလို့ အဖမ်းခံလိုက်ရတဲ့ ပြောက်ကျားအဖွဲ့ ကိုယ်စား လက်စားချေတာပါ။ သက်သေတွေလည်း ရှိပါတယ်။ ဒါတွေက ကျနော်တို့ Scout (ကင်းထောက်) လုပ်ကတည်းက သိတာပါ။ မှားစရာ မရှိပါဘူး” ဟု ပြောသည်။

ပစ်ခတ်ရှင်းလင်း ခံရသူ ၂ ဦးမှာ အမရဌာနီရပ်ကွက်၏ အကွက် ၁၉ မှ ရာအိမ်မှူး ဦးစိုးနိုင်နှင့် ဦးဝင်းကိုတို့ ဖြစ်ကြ ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့၌ MRRF ဗိုလ်အောင်မြေ ပြောက်ကျားတပ်ဖွဲ့အား စစ်ကောင်စီမှ ဝင်ရောက် ဖမ်းဆီးမှုတွင် လမ်းပြ သတင်းပေးခဲ့သူများ ဖြစ်သည်ဟု ဆက်ပြောသည်။

၎င်းတို့ ၂ ဦးမှာ တစ်ဦးလျှင် သေနတ်ဖြင့် ၄ ချက်စီ ပစ်ခတ်ခံရပြီး နားထင်၊ နားရွက်၊ ရင်ဘတ်၊ လက်မောင်း၊ ဝမ်းဗိုက်နှင့် ပေါင်ခြံနေရာတို့တွင် ထိမှန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရာအိမ်မှူး ၂ ဦးနှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက “ဝင်းကိုက အဲ့ဒီနေရာမှာတင် ပွဲချင်းပြီး သေ တယ်လို့ ကြားတယ်။ စိုးနိုင်ကတော့ ဆေးရုံမှာသေလို့ Dead Body (အလောင်း)ကို အိမ်ပြန်သယ်လာပြီ။ စိုးနိုင် က နားရွက်တောင် ပါမလာဘူးတဲ့” ဟု ပြောသည်။

အလားတူ ထိုနေ့ မွန်းလွှဲ ၁ နာရီ အချိန်ခန့်တွင်လည်း နိုင်ငံရေး အကျဉ်းသားများကို မတရား အမိန့်ချမှတ်နေ သည့် အမရပူရမြို့နယ် တရားရုံးအား ဗုံးပစ် တိုက်ခိုက်ခဲ့သေးသည်ဟု AST-MDY ပြောက်ကျားတပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ရုံးရှေ့ ကင်းချထားတဲ့ ဘန်ကာထဲ ဗုံးပစ်သွင်းခဲ့တာ ထိရောက်မှုက ကွက်တိပဲ။ တစ်ရက်ထဲ Mission (စစ်ဆင် ရေး) ၂ ခု ဖော်ဆောင်ရတယ် ဆိုပေမယ့် ကြိုတင်ပြင်ဆင်ထားလို့ အခက်အခဲ မရှိပါဘူး။ ကျနော်တို့ အဖွဲ့အနေနဲ့ ဂုဏ်ယူဖို့ထက် Mission အောင်မြင်ဖို့ တာဝန်တစ်ရပ်လို သဘောထားပြီး ကျေပွန်အောင် ဆောင်ရွက်ခဲ့တာပါ။”

အဆိုပါ ဗုံးပစ် တိုက်ခိုက်မှုတွင် ရုံးရှေ့၌ လုံခြုံရေးယူထားသည့် လခရ ရဲတပ်သား ဦးဇော်ဆန်းဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဦးလှခိုင်ဆိုသူမှာလည်း ပြင်းထန်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရသည်ဟု တပ်နှင့် နီးစပ်သူများက ပြောသည်။

စစ်ဆင်ရေး ၂ ကြိမ်လုံးတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အထိအခိုက် အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ပြီး ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် စစ်ကောင်စီ၏ မည်သည့် ထောက်တိုင်ကိုမဆို ပစ်ခတ် ရှင်းလင်းသွားမည်ဟု AST-MDY အဖွဲ့ တာဝန်ရှိသူများက ပြောသည်။