သတိထားရမည့် ပဋိပက္ခ ထောင်ချောက် အသစ်

အားမီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်။

“စစ်တပ်ထောက်ခံသူများ၊ အမျိုးသားရေး လှုပ်ရှားသူများက နန်းနိန် အစုလိုက်အပြုံလိုက် လူသတ်မှုကို ကျူးလွန်သူများသည် KNDF နှင့် ပူးပေါင်းတပ်များဟု ယတိပြတ် ပြောဆိုနေသော်လည်း စစ်တပ်က အဆိုပါ လူသတ်မှုကို ၎င်းတို့ ကိုယ်တိုင် ကျူးလွန်ကြောင်း ဓာတ်ပုံနှင့်တကွ ဝန်ခံထားသည်။”

“စစ်ကောင်စီဟာ တကယ်တမ်းတော့ စစ်တစ်ခုတည်း တိုက်တာ မဟုတ်ပါဘူး။ လူတစ်ခုပဲ သတ်တာ မဟုတ်ပါဘူး။ တိုက်ခိုက်နည်းမျိုးစုံလုပ်ပါတယ်။ အဲဒီနည်းမျိုးစုံကတော့ အခုလို ကျနော်တို့ လူမျိုးစုတစ်စုနဲ့တစ်စု ကြား မှာရှိတဲ့ ပဋိပက္ခတွေ ဖန်တီးတဲ့ ကိစ္စလည်း ဒါက စစ်တိုက်နည်းတစ်မျိုးပဲပေါ့နော်

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မျက်မှန် ပြောသွားတာပါ။

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိန်ကျေးရွာ ဘုန်းကြီးကျောင်းမှာ သံဃာတော်များ အပါအဝင် ဒေသခံ ၂၀ ကျော် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်စဉ်ပေါ်အခြေခံပြီး ပအိုဝ်းနှင့် ကရင်နီ တိုင်းရင်းသားများအကြား တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် ပြောဆို ရေးသား လှုံ့ဆော်နေသည့်အပေါ် ဗိုလ်မျက်မှန်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

နန်းနိန်ကျေးရွာ အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ကျေးရွာ ဘုန်းကြီးကျောင်းတွင် နေထိုင်နေကြသည့် သံဃာတော် ၃ ပါး ၊ ဒေသခံ စစ်ဘေးရှောင် အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁၈ ဦး စုစုပေါင်း ၂၂ ဦးကို မတ်လ ၁၁ ရက်နေ့က သတ်ဖြတ်ခဲ့သည်။

ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု၏ စာရင်းအရ ဘုန်းကြီးကျောင်းဝင်းထဲတွင် သံဃာတော် ၃ ပါး အပါအဝင် လူဦးရေ ၃၃ ယောက် စာရင်းရှိသော်လည်း လက်ရှိမှာ ၂၂ ယောက်သာ အလောင်းများကို တွေ့ရှိထားပြီး ကျန် ၁၁ ယောက်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

နန်းနိန် ဘုန်းကြီးကျောင်းဝင်းထဲတွင် အသတ်ခံရသည့် သံဃာတော်များနှင့် ဒေသခံ စစ်ဘေးရှောင်များ Photo – KNDF

သံဃာတော်နှင့် ဒေသခံများကို စစ်တပ်က သတ်ဖြတ်ခဲ့ပေမယ့်လည်း စစ်တပ်ထောက်ခံသူများနှင့် အမျိုးသား အရေး လှုပ်ရှားသူများက ဒေသခံများနှင့် သံဃာတော်များကို ကရင်နီ လက်နက်ကိုင် အဖွဲ့အစည်းများက သတ် ဖြတ်ခဲ့တယ်ဆိုပြီး လူမှုကွန်ရက် စာမျက်နှာများတွင် လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် ပြောဆို ရေး သား လှုံ့ဆော်မှုများကို ပြုလုပ်လာခဲ့ကြသည်။

ထို့အတူ စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကိုယ်တိုင်ကပင် မတ်လ ၁၃ ရက်နေ့က ၎င်း တို့၏ လက်အောက်ခံ သတင်းစာများနှင့် ရုပ်မြင်သံကြားများတွင်လည်း ပအိုဝ်းနှင့် ကရင်နီ တိုင်းရင်းသား များအ ကြားတွင် လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခများဖြစ်အောင် ဖြစ်ရပ်မှန်ကို မျက်ကွယ်ပြုပြီး လိမ်ညာပြောဆိုခဲ့သည်။

ပအိုဝ်းနှင့် ကရင်နီ ပဋိပက္ခဖြစ်အောင် လုပ်ဆောင်ရတဲ့ စစ်တပ်ရဲ့ ရည်ရွယ်ချက်

လက်ရှိ ကရင်နီပြည်နယ်တွင်သာမက ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကရင်နီ ၊ ပအိုဝ်း အမျိုးသားကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဟန်ချက်ညီညီ တော်လှန်တိုက်ခိုက်နေသည်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသား အင်အားစုများ၏ လူထုအချင်းချင်း အထူးသဖြင့် ပအိုဝ်းနှင့် ကရင်နီ တိုင်းရင်းသားများ အကြားတွင် ပဋိပက္ခများ ဖြစ်ပေါ်လာပါက တော်လှန်ရေးအတွက် ခက်ခဲမှုများဖြစ်လာအောင် စစ်တပ်က လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပအိုဝ်းနှင့် ကရင်နီခေါင်းဆောင်များက ပြောသည်။

ကရင်နီ အတိုင်ပင်ခံ ကောင်စီ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က “ထင်ယောင်ထင်းမှားနဲ့ စွပ်စွဲပြောဆိုခြင်း၊ စစ် ကောင်စီ အလိုကျ ဝါဒဖြန့်ချီနေခြင်းဟာ အမှန်တရားပေါ်ပေါက်ခြင်းထက် အဆိုးဖက်ကို ပိုပြီး ဦးတည် သွားမှာ ကို ကျနော်တို့ အနေနဲ့ လွန်စွာစိုးရိမ်ပါတယ်” ဟု ပြောသည်။

နိုင်ငံတကာ မျက်နှာစာတွင် တော်လှန်ရေး တပ်ဖွဲ့များက ပြည်သူကို သတ်ပြီး အကြမ်းဖက် ကိစ္စရပ်များကို လုပ် ဆောင်နေသည်ဆိုသည့် အမြင်များ ဖြစ်ပေါ်စေအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု တော်လှန်ရေး အင်အားစုများက ဆိုသည်။

PNO/PNA နှင့် ပအိုဝ်း ဆရာတော်များကို အသုံးပြုပြီး စစ်တပ်က ဝါဒဖြန့်

နန်းနိန်ကျေးရွာ ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် လူမှုကွန်ရက်စာမျက်နှာများတွင် ကရင်နီနှင့် ပအိုဝ်း တိုင်းရင်းသား များအကြားတွင် လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခကို ဖြစ်စေနိုင်သည့် ပြောဆိုရေးသားမှုများကို ရည်ရွက်ရှိရှိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့ကြသည်။

အင်တာဗျူးပုံစံဖြင့် ဝါဒဖြန့်ထားသည့် ရုပ်သံ

အထူးသဖြင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA ထောက်ခံသူများ၏ အကောင့်များ၊ PNO/PNA အဖွဲ့ဝင်များ ဟု ယူဆရသည့် အကောင့်များနှင့် ပအိုဝ်းတိုင်းရင်းသား နာမည်နှင့် အကောင့်တော်တော်များများက လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုကို ဖြစ်ပေါ်စေသည့် အသုံးအနှုန်းများ အသုံးပြုပြီး ပအိုဝ်းနှင့် ကရင်နီ တိုင်းရင်းသားများ အကြားတွင် ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံဆော်လာခဲ့ကြသည်။

ထို့အတူ နန်းနိန် ဖြစ်စဉ်နှင့် ပတ်သက်ပြီး PNO/PNA က ဦးဆောင်ပြုလုပ်သည့် KNDF ၊ PDF အဖွဲ့များကို အလို မရှိသည့် ကန့်ကွက်ပွဲတွင် ပအိုဝ်း ဆရာတော်များက လူမျိုးရေး၊ ဘာသာရေး၊ နယ်မြေ ပြဿာနာများကို ဖြစ်ပေါ် စေသည့် အသုံးအနှုန်းများကို အသုံးပြုကာ ဟောပြောခဲ့ကြသည်။

PNO/PNA သည် စစ်ကောင်စီနှင့် လက်တွဲနေသည့် ပအိုဝ်းပြည်သူ့ စစ်အဖွဲ့ဖြစ်သည်။

ဟောပြောပွဲတွင် တက်ရောက်ဟောပြောခဲ့သည့် ဆရာတော် ဦးသုဇနက “ပဒေါင်လူမျိုးတွေက ပိုပြီးတော့ ဘာ သာရေးတွေ၊ နိုင်ငံရေးတွေ လူမှုရေးတွေ ပိုပြီးတော့နိမ့်ကျတယ်။ အများကြီး နိမ့်ကျတယ်။ တို့ပအိုဝ်းတွေ အနေနဲ့ပြောရမယ် ဆိုလိုရှိရင်တော့ တို့ပအိုဝ်းရဲ့ အလုပ်သမား အဆင့်လောက်ပဲ သစ်ခွဲသမားတွေ သစ်ခွဲသမား တွေ အဲလောက်အဆင့်ပဲ ရှိတဲ့လူမျိုး” ဟု ပြောသည်။

အဆင့်အတန်း နိမ့်ကျသူ၊ မသိနားမလည်သူများ ဖြစ်သည့်အတွက် PDF များခိုင်းသည့်အတိုင်း ပဒေါင်များက ပအိုဝ်းများကို စော်ကားသည့် ပြစ်မှုကို လုပ်ဆောင်လာခဲ့သည်ဟု ဦးသုဇန က ဆိုသည်။

ထို့အပြင် အခြား ပအိုဝ်း ဆရာတော် တစ်ပါးကလည်း “အကြမ်းဖက် KNDF နဲ့ အပေါင်းအပါ အဖွဲ့အစည်း များမှ ပအိုဝ်း သံဃာတော် နဲ့ ပအိုဝ်းလူမျိုးများအား လူသားမစာနာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် ကန့် ကွက်ရှုတ်ချပွဲမှာ ဦးဇင်းတို့ ပင်လောင်းသား ပင်လောင်းက ရဟန်းတစ်ပါး အနေနဲ့ ပြောခွင့်ရတဲ့အတွက် များစွာ ကျေးဇူးတင်ပါတယ်။ အဲဒီတော့ ဒီ ပင်ပုံရယ်၊တောင်မဲသင်းရယ်၊ ဒီလုံးပြင်ရယ်၊ ဒီနမ်းနိန်းရယ် ဖြစ်စဉ် အားလုံး ဟာ မြန်မာ့တပ်မတော်မှာလည်း မဟုတ်ဘူး။ ဒီဖြစ်စဉ်အားလုံးဟာ PNA လည်း မဟုတ်ဘူး။ အဲဒီတော့ အကြမ်း ဖက်သမားဖြစ်တဲ့ KNDF ကနေ စခဲ့တဲ့ လုပ်ငန်းတွေ အားလုံးဖြစ်ပါတယ်။ ဒါဆိုရင် အကုန်လုံး ရှင်းလိမ့်မယ်” ဟု ပြောသည်။

KNDF၊ PDF အလိုမရှိကြောင်း ကန့်ကွက်ပွဲတွင် လူမျိုးရေး ပဋိပက္ခဖြစ်စေနိုင်သည့် စကားလုံးအသုံးအနှုန်းများနှင့် ဝါဒဖြန့် ဟောပြောနေသည့် ပအိုဝ်းဆရာတော်တစ်ပါး

အဆိုပါ လုပ်ဆောင်မှုများအားလုံးသည် စစ်ကောင်စီ၏ အကြံအစည်နှင့် စစ်ကောင်စီက ခိုင်းသည့်အတိုင်း PNO/PNA က ပအိုဝ်းနှင့် ကရင်နီ လူမျိုးများအကြားတွင် ပြဿနာဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေ ခြင်း ဖြစ်သည်ဟု တိုင်းရင်းသားများနှင့် တက်ကြွလှုပ်ရှားသူများက ဆိုသည်။

နန်းနိန် အစုအလိုက်အပြုံလိုက် လူသတ်မှုကို ကျူးလွန်ကြောင်း စစ်တပ်လော်ဘီများဝန်ခံ

စစ်တပ် ထောက်ခံသူများ၊ အမျိုးသားရေး လှုပ်ရှားသူများက နန်းနိန် အစုလိုက်အပြုံလိုက် လူသတ်မှုကို ကျူးလွန်သူများသည် KNDF နှင့် ပူးပေါင်းတပ်များဟု ယတိပြတ် ပြောဆိုနေသော်လည်း စစ်တပ်က အဆိုပါ လူသတ် မှုကို ၎င်းတို့ ကိုယ်တိုင် ကျူးလွန်ကြောင်း ဓာတ်ပုံနှင့်တကွ ဝန်ခံထားသည်။

မတ်လ ၁၂ ရက်နေ့က စစ်တပ် လော်ဘီများက နန်းနိန် ဘုန်းကြီးကျောင်းဝင်းတွင် သေနေသည့် ဒေသခံများ ၏ ဓာတ်ပုံများကို တယ်လီဂရမ်ချန်နယ် များတွင် တင်ခဲ့ကြသည်။ ဓာတ်ပုံထဲတွင်လည်း “ကသန်း ကယန်း ကယား ပဒက်များကို ဆုံးမခြင်း၊ ဘုရားပေါ်တွင် ဘီယာသောက်နေတဲ့ ကယားပဒက်များကို နှိမ်နင်းခြင်း” ဆိုသည့် စာ များကို ရေးသားထားပြီး လူသတ်မှုကို ၎င်းတို့ကိုယ်တိုင် ကျူးလွန်ကြောင်းဝန်ခံထားသည်။

ထိုအတူ ဓာတ်ပုံနှင့်အတူ “ကယားပဒက်များရဲ့ နိဂုံး” ဆိုသည့် ခေါင်းစဉ်နှင့် အခုလို ရေးသားထားသည်။

စစ်တပ်လော်ဘီများက “ဒီမောဆိုးနား၊ မတ် ၁၀ ရက်နေ့က စစ်တပ် ကို ကယားပဒက်တွေက ဘုရားတွေ၊ ဘုန်း ကြီးကျောင်းတွေ ပေါ်ကနေ အကြံပက်စက်စွာပစ်တယ် ..တပ်က ပြန်ပစ်လိုမရဘူး .. ပစ်ရင် ဘာသာရေး အ ဆောက်အဦတွေ ပျက်စီးမှာစိုးလို့ ဒါနဲ့ စစ်ကြောင်းမှ ကွန်မန်ဒို Sniper အဖွဲထုတ်ပြီး ကိုင်ထည့် လိုက်တာ ပဒက် ၂၄ ကောင် ဂေါင်းတွေထိပြီး ဒွမ်သွားတယ် ။ပုံတွေရရင် ထပ်တင်ပေးဦးမယ်။ စစ်ကြောင်းတွေ နယ်မြေ ရှင်းနေတုန်းမို့” ဟု ဝန်ခံ ရေးသားထားသည်။

သံဃာတော်များနှင့် ဒေသခံ စစ်ဘေးရှောင်များကို သတ်ခဲ့ကြောင်း စစ်တပ်လော်ဘီများ ဝန်ခံထားသည့် ဓာတ်ပုံ
သံဃာတော်များနှင့် ဒေသခံ စစ်ဘေးရှောင်များကို သတ်ခဲ့ကြောင်း စစ်တပ်လော်ဘီများ ဝန်ခံထားသည့် ဓာတ်ပုံ နှင့် ရေးတင်ထားသည့်စာ

သင့်မြတ်မှုကို ဖြိုခွဲမည့် သပ်သျှိုသွေးခွဲမှုနည်းကို စစ်တပ်က ဆက်လက်ကျင့်သုံးနေ

စစ်အာဏာရှင် ခေတ်အဆက်ဆက်က စစ်တပ်သည် တိုင်းရင်းသားများအကြားတွင် လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး လူတစ်မျိုးနှင့် တစ်မျိုး ပဋိပက္ခဖြစ်အောင်၊ လူမျိုးတူ အဖွဲ့များကြားတွင်လည်း ပြိုကွဲအောင် ယခင်က တည်း လုပ်ဆောင်ခဲ့သည့်နည်းတူ ယခုလည်း ထိုသို့ လုပ်ဆောင်နေသည်ဟု ကရင်နီနှင့် ပအိုဝ်းခေါင်းဆောင် များ က ပြောသည်

KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က “အာဏာရှင် အကြမ်းဖက်စစ်တပ်က ကျနော်တို့ တိုင်းရင်းသားတွေကြားထဲ မှာ သပ်သျှိုသွင်းပြီးမှ သွေးခွဲလာခဲ့တာဟာ ဒီနေ့တစ်ကြိမ်တည်းတော့ မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ် ကျနော်တို့ ဗြိတိသျှ အစိုးရဆီက မြန်မာပြည် လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်း တိုင်းရင်းသားတွေရဲ့ မူလအခွင့်အရေး ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့်တွေကို ပြန်ပြီး မပေးချင်တာနဲ့ ပုံစံ အမျိုးမျိုး သွေးခွဲလာ ခဲ့တာ ဒီနေ့ဒီအချိန်ထိဆိုတာ အားလုံးသိကြပြီး ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင်လည်း နန်းနိန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို အခြေခံပြီး နည်းလမ်းဟောင်းအတိုင်း ပအိုဝ်းနှင့် ကရင်နီ တိုင်းရင်းသားများအကြားတွင် သပ်သျှိုသွေးခွဲမှုကို လုပ်ဆောင်နေ သည်ဟု ပအိုဝ်း အမျိုးသား ဖက်ဒရယ် ကောင်စီ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကလည်း ပြောသည်။

ခွန်မြင့်ထွန်းက “ဒီကနေ့ စစ်ကောင်စီဟာ လူမျိုး တစ်မျိုးနဲ့ တစ်မျိုးအကြားမှာ ပဋိပက္ခတွေကို ဖန်တီးသလို လူမျိုးရေး ပဋိပက္ခကို ဖန်တီးသလို ဘာသာတစ်ခုနဲ့ တစ်ခုအကြားမှာ ဘာသာရေး ပဋိပက္ခတွေ ဖန်တီးသလိုပဲ ကျနော်တို့ တိုင်းရင်းသား လူမျိုးစု တစ်ခုတည်းမှာကို ပင်လျှင် ကျနော်တို့ ပဋိပက္ခတွေ မတူကွဲပြားတဲ့ အုပ်စု တွေအကြားမှာ ပဋိပက္ခတွေကို ဖန်တီးနေတာ ဖြစ်ပါတယ်” ဟုပြောသည်။

ခေတ်အဆက်ဆက်က စစ်တပ်သည် ပြည်နယ်တူပြီး လူမျိုးမတူသည့် တိုင်းရင်းသား အချင်းချင်းများကြားတွင် သော်လည်းကောင်း၊ လူမျိုးတူ တိုင်းရင်းသား အချင်းချင်းကြားတွင်သော်လည်းကောင်း၊ လူမျိုးတူပြီး အဖွဲ့အ စည်းမတူသည့် တိုင်းရင်းသားများကြားတွင်သော်လည်ကောင်း အချင်းချင်းသင့်မြတ်မှုကို ပြိုကွဲအောင် လူမျိုး ရေး၊ ဘာသာရေးနှင့် နယ်မြေ ပဋိပက္ခများကို ဖန်တီးကာ သပ်သျှိုသွေးခွဲသည့် လုပ်ရပ်ကို ယနေ့တိုင် လုပ်ဆောင် နေဆဲဖြစ်သည်ဟု ပအိုဝ်းနှင့် ကရင်နီခေါင်းဆောင်များက ဆိုသည်။

လူမျိုး ၂ ခုအကြားတွင် ပဋိပက္ခကို ဖြစ်စေမည့် ဝါဒဖြန့်မှုကို သတိထားရန်လို

နန်းနိန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို အကြောင်းပြုပြီး ပအိုဝ်း နှင့် ကရင်နီ တိုင်းရင်းသားများ အကြားတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေမှုများကို သတိပြုကြရန် ပအိုဝ်းနှင့် ကရင်နီ ခေါင်းဆောင်များက တိုက်တွန်းထားသည်။

ကရင်နီ အတိုင်ပင်ခံကောင်စီ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က “ဒီနန်းနိန်မှာ ဖြစ်ပွားခဲ့တဲ့အပြစ်မဲ့ ပြည်သူတွေ ကို ပြည်သူတွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို အကြမ်းဖက် စစ်အုပ်စုက သတ်ဖြတ်ပြီးတဲ့ နောက်မှာ ကရင်နီ လက်နက်ကိုင်တွေက သတ်ဖြတ်လိုက်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှု ပြဿနာဟာ ကျနော်တို့ လူမျိုးတစ် မျိုးနဲ့အကြား ထင်မြင်လွဲမှားမှုတွေကို ဖြစ်စေပြီး လူမျိုးရေးတင်းမာတဲ့ အခြေအနေ ဖြစ်ပွားစေနိုင်တဲ့အတွက် ကျနော်တို့ ညီအစ်ကို ကရင်နီ ပအိုဝ်း တိုင်းရင်းသားလူမျိုးတွေက လွန်စွာ အရေးကြီး တာဝန်ရှိသလို တိုက်ရိုက် သက်ဆိုင်နေတာဖြစ်ပါတယ်” ဟု ပြောသည်။

KNDF၊ PDF အလိုမရှိကြောင်း ကန့်ကွက်ပွဲသို့ တက်ရောက်လာသည့် ပအိုဝ်းတိုင်းရင်းသားများနှင့် လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဝါဒဖြန့် ဟောပြောနေသည့် ပအိုဝ်းဆရာတော်တစ်ပါး

ကရင်နီနှင့် ပအိုဝ်း တိုင်းရင်းသားများသည် ရှေးယခင်ကတည်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ နေထိုင်လာ ခဲ့ကြသည့် သူများနည်းတူ ယခုတွင်လည်း စစ်တပ်၏ ဝါဒဖြန့်မှုကြောင့် ချစ်ခင်ရင်းနှီးမှုကို အပြိုကွဲမခံကြရန်၊ တစ်ဖက်နှင့် တစ်ဖက် ထင်ယောင်ထင်မှားစွပ်စွဲ ပြောဆိုခြင်းတွေ မပြုလုပ်ကြရန်နှင့် ကျူးလွန်သူများကို အပြစ် ပေး အရေးယူနိုင်သည့်အထိ အတူတကွ လုပ်ဆောင်ကြမည်ဟု ဦးအောင်ဆန်းမြင့်က ဆိုသည်။

ပအိုဝ်း အမျိုးသား ဖက်ဒရယ် ကောင်စီ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကလည်း စစ်တပ်၏ ဝါဒဖြန့်မှုကို မယုံကြရန် နှင့် ဝါဒဖြန့်မှုကြောင့် ကရင်နီနှင့် ပအိုဝ်း တိုင်းရင်းသားများကြားရှိ မိသားစု စိတ်ဓာတ်ကို အပြိုကွဲ မခံရန် လို သည်ဟု ပြောသည်။

ခွန်မြင့်ထွန်း က “ကျနော်အနေနဲ့ ဒီနေရာကနေ ပန်ကြားချင်တာကတော့ ပအိုဝ်းပြည်သူတွေရော၊ ကရင်နီပြည် သူတွေရော၊ ဒီစစ်ကောင်စီရဲ့ လိမ်ညာဝါဒဖြန့်တာတွေကို ဒါတွေကို မယုံကြဖို့လိုတယ်။ နောက်တစ်ခုကတော့ ကျနော်တို့ ကရင်နီနဲ့ ပအိုဝ်းကြားမှာရှိတဲ့ ကျနော်တို့ မိသားစုစိတ်ဓာတ်ကို အပြိုကွဲမခံပဲနဲ့ မိသားစု စိတ်ဓာတ်ကို ဆက်လက် စောင့်ရှောက်ဖို့ လိုတယ်ဆိုတာကို ကျနော်တင်ပြချင်ပါတယ်” ဟု ပြောသည်။

ပအိုဝ်းနှင့် ကရင်နီ တိုင်းရင်းသားများအနေဖြင့် ဘိုးဘွားဆက်စဉ်ကတည်း တစ်ဦးကို တစ်ဦး ကူညီကာ ပျော် ပျော်ရွှင်ရွှင်နှင့် အတူယှဉ်တွဲနေထိုင်လာကြသည့် လူမျိုးများဖြစ်သည့်နည်းတူ စစ်တပ်နှင့် အပေါင်းအပါများ၏ လှည့်ကွက်များကြောင့် နဂိုတည်ရှိနေသည့် စည်းလုံးညီညီညွှတ်မှု စာနာနားလည်မှု၊ ကူညီရိုင်းပင်မှုများကို ပြိုကွဲ မခံကြပဲ ယခင်အတိုင်း ဆက်လက် နေထိုင်သွားကြရန် ပအိုဝ်းနှင့် ကရင်နီခေါင်းဆောင်များက တိုက်တွန်းတောင်းဆိုထားသည်။

လူမျိုးရေး၊ ဘာသာရေး နယ်မြေအပေါ် အခြေခံသည့် စစ်တပ်၏ ထောင်ချောက်

နန်းနိန် ဖြစ်စဉ်ကနေ တစ်ဆင့် စစ်တပ်က ဖန်တီးလိုက်သည့် လူမျိုးရေး၊ ဘာသာရေး၊ နယ်မြေ ကိစ္စရပ်များ အပေါ်တွင် အခြေခံပြီး ဖြစ်ပေါ်လာနိုင်သည့် ပြဿနာ စက်ကွင်းထဲသို့ မဝင်ရောက်ကြရန် နှင့် သတိပြုရန် ကရင်နီနှင့် ပအိုဝ်းအရပ်ဖက် အဖွဲ့အစည်းက သတိပေးပြောဆိုထားသည်။

နန်းနိန်ကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး ပအိုဝ်းအရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ မတ်လ ၁၄ ရက်နေ့ ထုတ် ပြန်ချက်ထဲတွင် နန်းနိန်ကျေးရွာတွင် ပြည်သူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများသည် စစ်တပ်မှ တိုင်းရင်းသား လူမျိုးစု အချင်းချင်းကြား လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

KNDF၊ PDF အလိုမရှိကြောင်း ဝါဒဖြန့် ဟောပြောပွဲသို့ လာရောက် နားထောင်နေကြသည့် ပအိုဝ်းတိုင်းရင်းသားများ

စစ်တပ်က လူမျိုးရေး၊ ဘာသာရေးနှင့် နယ်မြေတည်ရှိမှု အပေါ်တွင်လည်း ပအိုဝ်းနှင့် အခြားတိုင်းရင်းသားများ အကြားတွင် ပဋိပက္ခဖြစ်အောင် ဖန်တီးလုပ်ဆောင်နေသည်ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က ပြောသည်။

ခွန်မြင့်ထွန်းက “PNO/PNAနဲ့ ပအိုဝ်းပြည်သူတွေကို တင်ပြချင်တာက ဒီကနေ့ စစ်ကောင်စီဟာ ကျနော်တို့ ပအိုဝ်းပြည်သူတွေကို တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတွေနဲ့ ရန်တိုက်ထားပေးတာဖြစ်ပါတယ်။ ဒီလို ရန် တိုက်ထားပေးတဲ့အတွက် တစ်ပြည်လုံးက ကျနော်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ရန်သူဖြစ်ရမယ့် ဘ၀ကို ရောက်နေတာဖြစ်ပါတယ်။ ကျနော်တို့ လိုချင်တာ အထူးဒေသ (၆) မဟုတ်ပါဘူး။ ကျနော်တို့လိုချင်တာ ပအိုဝ်း ပြည်နယ် ဖြစ်ပါတယ်။ ပအိုဝ်းပြည်နယ်သစ်ကို လိုချင်တယ်။ အဲဒီအတွက် အထူးဒေသ (၆) ကို ကာကွယ်တယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်တိုင်းပြည်လုံးနဲ့ ရန်ဖြစ်စရာမလိုဘူးလို့ မြင်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ လက်ရှိ လုပ်ရပ်သည် လူမျိုးရေး၊ ဘာသာရေးအပြင် နယ်မြေဒေသနှင့် သက်ဆိုင်သည့် ပဋိပက္ခ များ ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်နေခြင်း ဖြစ်သည့်အတွက် ကရင်နီပြည်အတွင်းနှင့် အခြား သော တိုင်းရင်းသား ညီနောင်များအနေဖြင့် စစ်အုပ်စုက ဖန်တီးထားသော ပဋိပက္ခထောင်ချောက်များအတွင်း မဝင်ရောက်မိစေဖို့အတွက် အထူးသတိထားရန် လိုအပ်သည်ဟု ကရင်နီနှင့် ပအိုဝ်းခေါင်းဆောင်များသာမက အခြားသော တိုင်းရင်းသား မျိုးနွယ်စုများက ခေါင်းဆောင်များက သတိပေးပြောဆိုထားသည်။