စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခံရ၊ ဒုတပ်ရင်းမှူးအပါ ၁၀ ဦးခန့်သေ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရိက္ခာပို့လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို အထူးစစ်ဆင်ရေး တပ်ဖွဲ့ S.O.F အဖွဲ့က တိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူးအပါ ၁၀ ဦးခန့်သေဆုံးသွားသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်တပ်စွဲထား သော ကွီလုံတိုင်စခန်းသို့ ရိက္ခာပို့ရန်နှင့် လူနာသယ်ရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၀ ဦးခန့်သေဆုံးကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က ထုတ်ပြန်ထားသည်။

S.O.F က “တိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် ၁၀ ဦးခန့် ကျဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ M-A1 သုံးလက်၊ MA2 (စက်ကလေး) တစ်လက် စုစုပေါင်း လက်နက် လေးလက်ကို သိမ်းဆည်းရမိခဲ့တယ်” ဟု ထုတ်ပြန်ပြောဆိုထားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရိက္ခာပို့ရန်နှင့် လူနာသယ်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KNLA တပ်ဖွဲ့ဝင်များ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့် နဂါးနီစစ်ကြောင်း ပူးပေါင်းအဖွဲ့တို့က ကြားဖြတ်တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မတ်လ ၂၁ ရက်နေ့က တစ်ကြိမ်၊ မတ်လ ၁၆ ရက်မှ ၁၇ ရက်နေ့ အထိ တစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုလည်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ထုတ်ပြန်ပါရှိသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်၊ MI-35 ရဟတ်ယာဥ်ဖြင့် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါ လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အနီးအနားရှိကျေးရွာမှ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ရွာသားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာ ရရှိမှု ရှိခဲ့သည်ဟု S.O.F က ဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ တပ်များဖြစ်သည့် ခမရ ၅၆၁ နှင့် ခမရ ၄၃၂ အင်အား ၈၀ ကျော်ပါသည့် စစ်ကြောင်းသည် တောင်ကလေးကျေးရွာအုပ်စု ကွီလုံတိုင်ကျေးရွာသစ်အနီးတွင် ကျူးကျော်တပ်စွဲထားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်များက ၎င်းတို့တပ်စွဲထားသည့် နေရာ အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျွဲ/နွားများကို ဖမ်းဆီး သိမ်းဆည်းခြင်း၊ ရိက္ခာနှင့် ငွေကြေးများ ဝင်ရောက်သိမ်းဆည်းခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးခြင်း၊ ရိုက် နှက်ခြင်း နှင့် သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်ဟုလည်း အထူးစစ်ဆင် ရေးတပ်ဖွဲ့ – S.O.F က ထုတ်ပြန်ထားသည်။