ဒေသခံ အချို့ ဖမ်းခံရ၊ အိမ်အချို့ မီးရှို့ဖျက်ဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်က ဒေသခံ များကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများ က ပြောသည်။

ကသာခရိုင်၊ ကသာမြို့နယ်အတွင်းရှိ တုံးပေါကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် အနီးအနားရှိ ပန်းသေးကျေးရွာမှ လူငယ်အမျိုးသား ၃ ဦး ကို ဖမ်းဆီးရိုက်နှက်ခဲ့သည့်အပြင် လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင် ထားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ပန်းသေးက လူငယ်တွေကို တွေ့သမျှလူတွေကို ဖမ်း မေး ရိုက်စစ်လုပ်နေတာ။ နောက်ပြီးတော့ တစ်ခါ ညောင် ရွှေတန်းဘက်ကို ပန်းသေးက လူသုံးယောက်ကို ဖမ်းခေါ်သွားပြီး ကုန်းကြောင်းလျှောက်သွားနေတာ။ ခြေလျင် ပေါ့ဗျာ။ မီးရှို့ခံရတာလည်း အဲ့ဒီ ပန်းသေးရွာပဲ လေး-ငါး-ခြောက်အိမ်တော့ရှိပြီ။ အတိအကျတော့ စာရင်းရဖို့ ခက်တယ်။ အဲ့ကောင်တွေရှိနေသေးလို့လေ။ ရှို့တာကလည်း ဆက်ရှို့နေတုန်းဗျ။”

ကသာမြို့ အောက်ဘက်မှ တုံးပေါကျေးရွာထဲသို့ မတ်လ ၂၂ ရက်နေ့တွင် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ် သည်။ အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းအတွင်း စစ်ကားအစီး ၃၀ ခန့်ပါပြီး ရှေ့ပြေးကား ၂ စီးမှာ ပန်းသေး ကျေး ရွာအနီးအရောက်တွင် မိုင်းဆွဲဆိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်၏ ရှေ့ပြေးကားနှစ်စီး ထိမှန်ပျက်စီးခဲ့သည့်အပြင် လူသူ ထိခိုက်မှုလည်းရှိခဲ့ပြီးနောက် အဆိုပါ စစ်ကောင်စီစစ်ကြောင်းက ပန်းသေးကျေးရွာအတွင်းသို့ ဝင်ကာ ရွာသား များကို ဖမ်းဆီးရိုက်နှက် စစ်ဆေးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြော သည်။

ဒေသခံ လူငယ်တစ်ဦးက “ကားနှစ်စီးကတော့ အဲ့ဒီနေရာမှာပဲ ထားခဲ့တယ်။ လူကလည်း တော်တော်ထိတယ်လို့ ပြောတယ်ဗျ။ ကားကလည်း နှစ်စီးလုံး တော်တော်လေးကို ထိခိုက် ပျက်စီးကုန်တာ။ ကားပေါ်ပါလာတဲ့ စစ် သားတွေကတော့ အတိအကျတော့မသိဘူး။ ဒဏ်ရာပြင်းပြင်းထန်ထန်ရတာလည်းပါတယ်။ တခြား နည်းနည်း ပါးပါးရတာတွေလည်းပါတယ်။ အဲ့လိုမိုင်းဆွဲတိုက်ခိုက်ခံရတော့ ရွာထဲဝင်ရမ်းတာပေါ့ဗျာ” ဟု ပြောသည်။

ကသာမြို့နယ်အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်အပြင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ စစ်ရေးလှုပ်ရှားနေပြီး နှစ်ဖက်ကြား မကြာခဏ ထိတွေ့ တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်ပွားလျှက်ရှိသည်။ အလားတူ ကသာမြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ် ကောင်စီတပ်၏ စစ်ကြောင်းများကိုလည်း ကသာ PDF နှင့် KIA ပူးပေါင်းအဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်လေ့ရှိ သည်။

မတ်လ ၂၀ ရက်နေ့ကလည်း ကသာမြို့နယ် မှ အင်းတော်မြို့နယ်သို့ ရိက္ခာပို့ဆောင်မည့် စစ်ကောင်စီတပ်၏ ယာဥ်တန်း ၂ ကြိမ်တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က ၁၀ ဦးခန့် သေဆုံးခဲ့သည် အင်းတော်ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ထို့နောက် အဆိုပါ စစ်ကောင်စီယာဉ်တန်းမှာ အင်းတော်သို့ ရိက္ခာပို့ပြီး အပြန်တွင် ကသာလမ်း ကျောက်ခွဲစက် အနီး အရောက်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်။