ရွာသားများကို ရွာတွင် ပိတ်ထားပြီး ပိတ်ဆို့ ဖမ်းဆီးရိုက်နှက်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်။
ကချင်နှင့် စစ်ကိုင်အစပ် အင်းတော်မြို့နယ်ထဲက ကျေးရွာတစ်ရွာအတွင်း စစ်ကောင်စီတပ်က ရွာသားများအား အပြင် သို့ပေးမထွက်ဘဲ ပိတ်ဆို့ ဖမ်းဆီးရိုက်နှက် စစ်ဆေးမှုများ လုပ်နေသည်ဟု ဒေသခံများက ပြောသည်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းရှိ မာန်ဟဲကျေးရွာထဲသို့ စစ်ကောင်စီ အင်းအား ၁၀၀ ကျော်ခန့်က ပိတ် ဆို့စစ်ဆေးနေခြင်း ဖြစ်သည်။
အင်းတော်ကြီး PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “နေရာက အင်းတော်မြို့နယ် မော်လူးဒေသ လေးတန်ချောင်း ရိုးတလျှောက်က ဒီမာန်ဟဲရွာကို ၂၂ ရက်နေ့ ညနေပိုင်းအချိန်လောက်က စစ်သားတွေ အင်အားအများအပြားနဲ့ မိုးကာအုပ်ကုန်ကားအလုံပိတ် နှစ် စီးနဲ့ ရုတ်တရက်ဝင်ရောက်လာပြီး ရွာသားတွေကိုလည်း ထွက်ခွင့်မပေးဘဲ ပိတ်ထားထား အားလုံးကို ဘုန်းကြီး ကျောင်းဝန်းထဲကို ဖမ်းခေါ်ထည့်ပြီး စစ်ဆေးနေတာဗျ” ဟု ပြောသည်။
မတ်လ ၂၂ ရက်နေ့က မာန်ဟဲကျေးရွာထဲသို့ အင်အားအလုံးအရင်းဖြင့် ဝင်လာသည့် အဆိုပါစစ်ကြောင်းမှာ
ကျေးရွာတွင် PDF ရှိသည်ဟု စစ်ကောင်စီ သတင်းပေး ဒလန်မှ ဖုန်းဆက်တိုင်ကြားခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အင်းတော်မြို့မြောက်ဘက် မိုင် ၂၀ ကျော်ခန့်အကွာရှိ လေးတန်ချောင်းရိုးတလျှောက်ရှိ မာန်ဟဲကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပိတ်ဆို့ပြီး ကလေးငယ်များမှအပ အသက်ကြီးရွယ်အို၊ အမျိုးသမီး၊ အမျိုးသားပါ မကျန် ဖမ်းဆီးစစ်ဆေးခံရခြင်း ဖြစ်သည်။ ရိုက်နှက်နှိပ်စက်ခံရသူများလည်း ရှိနေသည်ဟု ဒေသခံများက ပြော သည်။
အင်းတော် PDF အဖွဲ့နှင့် နီးစပ်သူတစ်ဦးက မတ်လ ၂၃ ရက်နေ့တွင် မာန်ဟဲကျေးရွာမှ အမျိုးသားတစ်ဦး အဆို ကျေးရွာအတွင်းမှ ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး ကျန်ဒေသခံများမှာ ယနေ့အချိန်ထိ ကျေးရွာအတွင်း ပိတ်မိ ကာ စစ်ဆေးခံနေရဆဲဖြစ်သောကြောင့် အသက်အန္တရာယ် ပါ စိုးရိမ်ရသည်ဟု ဆိုသည်။
“ကားက ၂ စီးနဲ့ရောက်လာတာ၊ ပြောတော့ မာန်ဟဲမှာ PDF တွေ ရှိတယ်လို့ ဖုန်းဆက်တိုင်တဲ့လူရှိလို့ လာစစ် တာတဲ့။ တစ်ရွာလုံးကို လိုက်စစ်တာ။ လူတွေကို ဘုန်းကြီးကျောင်းထဲ ခေါ်ပြီးစစ်တာပါ့။ အကုန်လုံးကို ခေါ် စစ်တယ်၊ စစ်ပြီးပြီးတော့ တချို့ကိုတော့ ပြန်လွှတ်ပေးတယ်။ ဘုန်းကြီးကျောင်းကနေ ရွာထဲလွှတ်ပေးတာပါ။ အပြင်ကိုတော့ ဒီနေ့အချိန်ထိ ပေးမထွက်သေးဘူး။ အခုထိ ဖမ်းခံထားရတာသူတွေလည်း အများကြီး ကျန်သေး တယ်လို့ ပြောတာပဲ။ အတိအကျတော့ မေးလို့မရသေးဘူး။ စစ်သားတွေက ရွာထဲ အထိုင်ချထား တုန်းပဲ။ ဘယ် သူ့မှလည်း ရွာအပြင်မထွက်ခိုင်းဘူး” ဟု ဒေသခံ အမျိုး သမီးတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် မာန်ဟဲကျေးရွာအတွင်း အထိုင်ချထားပြီး ဘုန်းကြီးကျောင်းတွင် ဆက် လက်ဖမ်းဆီးခံထားကာ စစ်ဆေးနေဆဲ ဖြစ်သောကြောင့် ၎င်းတို့အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။
မာန်ဟဲကျေးရွာသည် အိမ်ခြေ ၂၀၀ နီးပါးခန့်ရှိသည့် ကျေးရွာတစ်ရွာ ဖြစ်ပြီး မလူး၊ ရွာရှည်၊ နန့်စီးအောင်တို့နှင့် နီးသည့် ကျေးရွာတစ်ရွာဖြစ်သည်။