မတ္တရာတွင် ကျေးရွာ ၁၀ ရွာကျော် မီးရှို့ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်။

မန္တလေးတိုင်း၊ မတ္တရာမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာ ၁၀ ရွာထက်မနည်းကို စစ်ကောင်စီတပ်က မတ်လ ဒုတိယပတ်မှ ယခု နောက်ဆုံးပတ်အထိ လိုက်လံမီးရှို့နေသည်ဟု ဒေသခံများက ပြောသည်။

မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ပိုဝမြောက်ကျေးရွာကိုလည်း မတ်လ ၂၂ ရက်နေ့၊ နံနက် ၁၁ နာရီခန့်က စစ်တပ် က မီးရှို့ခဲ့သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ဒေသခံများက အတည်ပြုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေသခံ PDF အဖွဲ့မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက “ကြားကြားချင်းကတော့ အိမ်ခြေ ၁၀၀ လောက်ပါသွားတယ်ပေါ့ဗျာ၊ သေချာတော့ စုံးစမ်းရပါအုံးမယ်။ ကျနော်သိသလောက်က အိမ် ခြေ ၁၀၀ တော့ မရှိဘူးရယ်။ မရှိဘူးဆိုတော့ အဲ့ရွာက တောင်နဲ့မြောက်နဲ့ နှစ်ခုခွဲထားတာလေ။ ဒေသခံတွေက တော့ ပြေးနေရတာဗျ အဲ့ဒါတော့ သေချာတယ်။ မီးတွေရှို့လိုက်၊ တိုက်တွေဖျက်ဆီးလိုက် အဲ့လိုလုပ်နေတာဗျ” ဟု ပြော သည်။

ပိုဝမြောက်ကျေးရွာမှ အိမ်ခြေ ၅၀ ကျော် မတ်လ ၂၂ ရက်နေ့က မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု ဒေသခံများက အတည်ပြုပြောသည်။

အလားတူ မတ်လ ၁၃ ရက်နေ့မှ ၁၆ ရက် အထိ ၄ ရက်တာအတွင်း မတ္တရာမြို့ အနောက်ခြမ်းရှိ မြွေကြည်ကုန်း ကျေးရွာ၊ မြွေကတို့ဆိပ်ကျေးရွာ၊ မြွေပုသိမ်ကျေးရွာ၊ မြွေရွှေခဲကျေးရွာတို့အပါအဝင် ရွာပေါင်း ၁၀ ရွာခန့်ကို လိုက်လံမီးရှို့ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။ ထို့အပြင် အဆိုပါ ကျေးရွာများက ဒေသခံ ၇ ဦး ထက် မနည်းလည်း သတ်ဖြတ်ခံလိုက်ရသည်ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတ္တရာမြို့နယ်၊ တောပုကျေးရွာတွင် အထိုင်ချကာ အနီးအနားပတ်ဝန်းကျင်က ရွာများကို လိုက်လံ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကလည်း “အဲ့ဒီ စစ်တပ်က တောပုဘက်ရောက်နေတာ။ တောပုမှာ ထိုင် တာကတော့ ပုံမှန်ဗျ။ အခုက ရွာအရှေ့ပိုင်းက လည်း ထွက်ပြေးနေရတယ်။ အခု မတ္တရာက အရမ်းရှုတ်နေ တယ်။ ရှုတ်တယ်ဆိုတာက ကျနော်တို့ မတ္တရာမှာ ဗျူဟာမှူးက ထိုင်တယ်ဗျ။ သူပဲ စီမံခန့်ခွဲနေတဲ့သဘောဗျ။ အခု အပေါ်ပိုင်းဘက်ကနေပြီးတော့ ယောဘက်ကနေပြီးတော့ ထိုးလာတဲ့စစ်ကြောင်းကလည်း တောင်ခေါင်း ဘက်မှာ မီးတွေရှို့နေတာဗျ။ အိမ်ဘယ်နှစ်လုံးပါတယ်ဆိုတာတော့ မသိရသေးဘူး။ ရွာကလည်း အကုန်လုံးက ထွက်ပြေး နေရတော့ မသိရသေးရဘူးပေါ့ဗျ။ မတ္တရာရဲ့ အရှေ့ပိုင်းပေါ့ဗျ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ နယ်မြေရှင်းလင်းရေး စစ်ကြောင်းများကြောင့် မတ္တရာမြို့နယ်အတွင်းက ဧရာဝတီမြစ် ကမ်းဘေး တစ်လျှောက်က ကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံများ အားလုံးနီးပါးသည် ဘေးလွတ်နိုင် မည့် နေရာများတွင် စစ်ဘေးရှောင်နေကြသည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် မတ်လ ၆ ရက်နေ့တုန်းကလည်း ဧရာဝတီ မြစ်ကမ်းအနီးက သဲအင်း၊ ကြက်တူရွေး၊ ဇီးကုန်း၊ ဟင်္သာမ အစရှိသည့် ကျေးရွာများမှ ဒေသခံများကို စစ်တပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသော်လည်း သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် လူဦးရေ မည်မျှ အဖမ်းခံလိုက်ရသည်ကိုမူ အတည်မပြုနိုင်ခဲ့ ပေ။

စစ်ကိုင်းတိုင်းကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဝက်လက်မြို့နယ်ဘက်သို့ နေ့စဉ် စစ် ကြောင်းထိုးနေသည့်အပြင် ဧရာဝတီမြစ်တဖက်ကမ်းရှိ မတ္တရာမြို့နယ်ထဲကိုလည်း ဒေသကာကွယ်ရေးအဖွဲ့ များ ဝင်ရောက်လာနိုင်သည်ဟု ယူဆချက်နှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးကာ ဆက်တိုက် စစ်ရေးလှုပ်ရှားနေခြင်း ဖြစ်သည်။