တိုက်ပွဲ မဖြစ်ပဲ ရပ်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲ၊ မြေပြင်မှ လက်နက်ကြီးနှ့င် ထု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၅။

မိုးညှင်းမြို့နယ်၊ နန်းမားရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမျိုးမရှိဘဲ လေယာဉ်အပြင် မြေ ပြင်ရှိ အမြောက်တပ်မှပါ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

မတ်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ် စစ်ကြောင်းတစ်ကြောင်းက မိုးညှင်းမြို့နယ်၊ နန်းမား၊ န့န်စော်လော် ဘက်ကို ဦးတည် စစ်ကြောင်းထိုးလာနေသည်ဟု ဒေသခံများက ပြောသည်။

နန်းမားဒေသခံ အမျိုးသမီးတစ်ဦးက “ဘုရားတောင်ဘက်ကို ဦးတည်ပြီးတက်လာတာ။ စစ်သား ၄၀ လောက်က တော့ ဘုရားတောင်ကို ရောက်ပြီး ကျန်တာတွေကတော့ ဆက်ပြီး တက်လာနေတယ်။ လမ်းမှာပေါ့။ စစ် ကြောင်းက နှစ်ကြောင်း ပြောလို့ရတယ်။ အယောက် ၃၀ လောက်ပါတာက တစ်ကြောင်းပေါ့။ မြေပြင်ကနေက စစ်ကြောင်းထိုးလာချိန် လေယာဉ်ကလည်း ဆက်တိုက်ဝဲနေတာ။ ဦးအောင်ပေါဆိုတဲ့လူရဲ့ အခင်းထဲမှာလည်း စစ်ကြောင်းရှိတယ်။ အဲ့ဒါက နန့်ရင်းချောင်းနဲ့ နန့်စော်လော်ချောင်းကြားပေါ့” ဟု ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းက ထိုသို့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် နန့်စော်လော်မှ လယ်လုပ်ကိုင်နေသူ ဒေသခံရွာသားများ ဖြစ်သည့် ကိုနိုင်စိုး၊ ကိုအောင်ကျော်ထွေးတို့ အပါအဝင် တောင်သူ ၆ ဦးအား ဓားစာခံ လမ်း ပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

မတ်လ ၂၄ ရက်နေ့ (ယမန်နေ့) မွန်းလွှဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က နန့်စော်လော်ဘက်သို့ စစ်ကြောင်းထိုးလာချိန်
ဂျက်ဖိုက်တာ၊ MI 35၊ MI 17 များဝဲလည်း ပျံဝဲနေသည်ဟု နန်းမားဒေသခံများက ပြောသည်။

ထို့အပြင် မတ်လ ၂၃ ရက်နေ့ ညနေပိုင်းအချိန်ကလည်း လေယာဉ် ၂စီးဖြင့် နန်းမားအရှေ့ဘက်ခြမ်းရှိ နန့်စော် လော်တောင်ထိပ်ကို ဗုံးလာကြဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ဒီ ညနေ ၃ နာရီကျော် ၄ နာရီလောက်က နန်းမား နန့်စော်လော်တောင်ကုန်းကို ဂျက်ဖိုက်တာ နဲ့ ဗုံးသုံးလုံးလာချသွားတာ။ နန်းမား ၃၆၇ ကနေလည်း အမြောက်တွေနဲ့ လှမ်းပစ်တယ်။ အထိအခိုက်တော့ မရှိ ဘူး။ အပေါ်ကုန်းကို လေယာဉ်နဲ့ ဗုံးလာချသွားတာ။ လောဉ်နှစ်စီးနဲ့။ လက်နက်ကြီးနဲ့က ၇ လုံးပစ်တာ” ဟု ပြောသည်။

မတ်လ ၂၃ ရက်နေ့ ညနေပိုင်းက နန်းမားအရှေ့ဘက်ရှိ နန့်စော်လော်တောင်ထိပ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက် တာ နှစ်စင်းဖြင့် ဗုံး ၃ လုံးကြဲချသွားခဲ့သည့်အပြင် နန်းမား ၃၆၇ အမြောက်တပ်မှလည်း ၁၂၀ မမ ၇ လုံး ဖြင့် ပစ် ခတ်သည်ဟု ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နန်းမားအရှေ့ဘက်ခြမ်းတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ကာ စစ်ကြောင်းထိုးလာနေခြင်း ဖြစ်သည်ဟု ပြောသည်။

နန့်စော်လော်တောင်ထပ်ကို ၁၂၀ မမ ကျည်များဖြင့် ပစ်ခတ်ခနေသည့် နမ္မား ၃၆၇ အမြောက်တပ်သည် လိုင်ဇာ ဗိုလ်သင်တန်းကျောင်းအား ပစ်ခတ်ခဲ့ဖူးသည့်တပ်ဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း နမ္မားကျေးရွာထဲ သို့ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဖုန်းပြောနေသည့် ဒေသခံ လူငယ်တစ်ဦး ထိမှန် သေဆုံးခဲ့ သည်။