စစ်ကောင်စီ ဖမ်းသွားသူ၏ အလောင်းကို သေနတ်ဒဏ်ရာများဖြင့် ပြန်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲတွင် ဖမ်းဆီးခေါ်သွားသူ လူငယ်၏အလောင်း သေနတ်ဒဏ်ရာများဖြင့် ကမ်းခြေတွင် ပြန်တွေ့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ညပိုင်းအချိန်တွင် အမည်မသိ လူ ၅ ဦးက ဖမ်းဆီးခေါ်ဆောင်သွားသည့် လူငယ်တစ်ဦးကို နောက်တရက် နံနက်ပိုင်းတွင် သေနတ်ဒဏ်ရာများဖြင့် အလောင်းသာ ပြန်တွေ့ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “သေနတ်ဒဏ်ရာတွေ ဦးခေါင်းနဲ့ မျက်နှာတဝိုက်မှာ သုံးလေးချက် တွေ့ရတယ်” ဟု ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူမှာ လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာသား ရေလုပ်ငန်းလုပ်ကိုင်နေသူ ကိုစိုးဌေး အသက် ၂၁ နှစ် ဆိုသူ ဖြစ်သည်။

မတ်လ ၂၂ ရက်နေ့၊ ညပိုင်းက နေအိမ်တွင် ရှိနေသည့် ကိုစိုးဌေးကို အမည်မသိ လူ ၅ ဦးက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မတ်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် သဘော့ဆိပ်ကျေးရွာအနီးရှိ ကမ်းခြေတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ကိုစိုးဌေး၏အလောင်းကို တွေ့ရှိရခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ခဲ့ရသည့် အသက် ၄၀ ခန့်အရွယ် ရွာသားက ပြောသည်။

ကိုစိုးဌေး၏ အလောင်းကို မတ်လ ၂၃ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်တွင် အရေးပေါ်ကားဖြင့် ထားဝယ်ဆေးရုံ သို့ သယ်သွားကြသည်ဟု ဒေသခံများက ဆိုသည်။

မည်သည် မည်ဝါ၊ မည်သည့်အဖွဲ့အစည်းက မည်သို့သော အကြောင်းကြောင့် ပစ်သတ်သွားသည်ကိုလည်း မသိရသေးဘူးဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။

မတ်လ ၉ ရက်နေ့၊ ညနေပိုင်းကလည်း လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာမှ ဦးရခိုင်နှင့် ဒေါ်လှမူတို့ လင်မယားနှစ်ဦးလည်း ပစ်သတ်ခံခဲ့ရသေးသည် ။

စစ်တပ်က အာဏာသိမ်းပြီးနောက် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ ထောက်တိုင်များ၊ သတင်းပေးများ၊ ပျူစောထီးအဖွဲ့ဝင်များလည်း မကြာခဏ ပစ်ခတ်သတ်ဖြတ်ခံရလေ့ရှိသည့်အပြင် အပြစ်မဲ့ပြည်သူများကိုလည်း စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် ပတ်သက်သည် ဆက်နွယ်သည် ထောက်ပံ့သည် ဟု စွပ်စွဲပြောဆိုကာ ဖမ်းဆီးလေ့ရှိပြီး ပစ်သတ်ခံရမှုများလည်း ရှိနေသည်။

ထို့အပြင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်ခြင်းများကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများ၊ သေဆုံးသူများ ရှိခဲ့သည့်အပြင် ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ပျောက်ဆုံးနေသူများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။