ရေဖြူ ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံး တစ်ရုံး တိုက်ခိုက်ခံရ၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်။
မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများ တည်ရှိရာ ရေဖြူမြို့ အနောက်ဘက်ကမ်းရှိ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နတလ ဦးစီးဌာနရုံး တစ်ရုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နှစ်ဖက်ပစ်ခတ်မှုများတွင် ဒေသခံ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပေါက်ကွဲသံ အချက် ၃၀ ကျော်ခန့် ကြားခဲ့ရပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ် အသံများလည်း ကြားခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ရေဖြူအရှေ့ကမ်းတွင် နေထိုင်သူ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “ပေါက်ကွဲသံတွေက တဂျိမ်းဂျိမ်း နဲ့ တော်တော်ကြမ်းတယ်။ ပြီးမှ သေနတ်သံတွေကြားရတာ။ မီးရှို့ခံရတဲ့ ရုံးမှာ ဝန်ထမ်းတွေရှိပေမယ့် အပြင် ခေါ်ထုတ်ပြီးမှ မီးရှို့လိုက်တာလို့ သိရတယ်” ဟု ပြောသည်။
မတ်လ ၂၄ ရက်နေ့ နံနက်အစောပိုင်း ၁၂ နာရီခွဲ အချိန်ခန့်က စတင်ပြီး ရေဖြူ ရဲစခန်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး နံနက် ၁ နာရီခွဲအချိန်ထိ တစ်နာရီနီးပါးကြာ သေနတ်သံများထွက်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။
လက်နက်ကြီး ပေါက်ကွဲသံများကြားရပြီးနောက် ရေဖြူမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး တစ်ရုံး မီးရှို့ခံလိုက်ရသည်ဟု ရေဖြူအရှေ့ဘက်ကမ်းတွင် နေထိုင်သူများက ပြောသည်။
ပစ်ခတ်မှုတွင်း စိုက်ပျိုးရေးရုံးအနီးရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး ဒေါ်တင်စိန် အသက် ၈၀ နှစ်နှင့် သမီးဖြစ်သူတို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု အနီးအနားတွင် နေထိုင်သူများက ပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိသွားသူများကို ထားဝယ်ဆေးရုံသို့ လူမှုကူညီရေးအသင်းများ၏ အကူအညီဖြင့် အရေးပေါ် လူနာတင်ကားများဖြင့် ပို့ဆောင်လိုက်သည်ဟု ဒေသခံများက ပြောသည်။
၂၀၂၃ ခုနှစ်၊ ယခုနှစ်ဆန်းပိုင်းမှ စတင်ပြီး မကြာခဏဆိုသလို ရေဖြူမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက လာရောက်တိုက်ခိုက်လေ့ရှိသည်။
မတ်လ ၁၅ ရက်နေ့၊ ညပိုင်းကလည်း ရေဖြူမြို့ အရှေ့ဘက်ကမ်းရှိ မြို့နယ် လဝကရုံးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သေးသည်။