တပတ်လျှင် တောဆင်ရိုင်း တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်။
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းက သစ်တောများအတွင်း ရက်သတ္တတစ်ပတ်ကို တောဆင်ရိုင်း တစ်ကောင်နှုန်း ဆင်သတ်မုဆိုးများ၏ သတ်ဖြတ်ခြင်း အသတ်ခံနေရသည်ဟု ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပုသိမ်မြို့နယ်သစ်တော အတွင်းမှာ တောဆင်ရိုင်းတစ်ကောင် စတင်အသတ်ခံရ ပြီးနောက် မတ်လ ၂၃ ရက်နေ့က သာပေါင်းမြို့နယ်ထဲက သစ်တောအတွင်း တောဆင်ရိုင်း တစ်ကောင် ထပ်မံအသတ်ခံလိုက်ရသည်။ ယခုအသတ်ခံရသည့် တောဆင်ရိုင်းမှာ ၅ ကောင်မြောက် အသတ်ခံရခြင်းဖြစ်သည်။
ဒေသခံ ဆင်ချစ်သူတစ်ဦးက “မုဆိုးတွေ ပစ်တဲ့ မြှားဒဏ်ရာရပြီး အဆိပ်တက်လဲနေတဲ့ တောဆင်ရိုင်းကို ဆင် ဆရာဝန်နဲ့ အဖွဲ့က ဆေးကုပေးပေမယ့် သေသွားတယ်။ မုဆိုးတွေ သတ်တာ ၅ ကောင် မြောက်ရှိနေပြီ။ ဆင် သတ်မုဆိုးတော့ တစ်ကောင်တမြီးမှ ဖမ်းမိတယ် မရှိဘူး” ဟု ပြောသည်။
ဆင်အစွယ် အရှည် ၃ ပေ ၈ လက်မ ရှိ စွယ်စုံ တောဆင်ရိုင်း အထီး တစ်ကောင် ထပ်မံ အသတ်ခံရခြင်းကြောင့် ရက်ပေါင်း ၃၅ ရက်အတွင်း တောဆင်ရိုင်း ၅ ကောင် အသတ်ခံ ရခြင်းဖြစ်သည်။
သာပေါင်းမြို့နယ်၊ ပျဉ်းမထုံးကျေးရွာအုပ်စု၊ ကတွတ်ပင် ချောင်းတဲစု အနောက်တောင်ဘက် တင်ဆိပ်အနီး ဦးအေးမြင့် ဆိုသူ၏ သီဟိုခြံအတွင်း မြှားဆိပ်သင့်ပြီး လဲကျနေသည့် တောဆင်ရိုင်းတစ်ကောင် ကို သစ်တော ဦးစီးဌာန၏ ဆင်ဆရာဝန် ဒေါက်တာလင်းလင်းထွန်းက ဆေးကုသပေးနေစဉ်မှာပင် သေဆုံးခဲ့သည်ဟု သစ်တော ဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောသည်။
ယခု သေဆုံးသွားသည့် တောဆင်ရိုင်းမှာ အသက် ၃၄ နှစ်အရွယ် စွယ်စုံဆင်ထီးဖြစ်ပြီး အမြင့် ၈ ပေ၊ ကျောအ လျား ၇ပေ ၂ လက်မ၊ လုံးပတ် ၁၃ ပေ ၆လက်မရှိပြီး ရရှိထားသည့် ဒဏ်ရာက အဆိပ့်သင့်ကာ ပြည်တည် နေသည်ဟု သစ်တောဦးစီးဌာနထံမှ သိရသည်။
သာပေါင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးဝေဖြိုးနှင့်အဖွဲ့၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်ဦးတို့ ပါဝင်သည့် အဖွဲ့က တောဆင်ရိုင်း၏ အရှည် ၃ ပေ ၈ လက်မရှိ အစွယ် ၂ ချောင်းကို ဖြုတ်ယူပြီးနောက် တောဆင်ရိုင်း အသေကို မီးရှို့ ဖျက်ဆီး လိုက်သည်ဟု ပျဉ်းမထုံးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း အဖွဲ့ဝင်တစ်ဦးက “ဆင်သတ်မုဆိုးတွေ သောင်းကျန်းနေတယ်။ ဒေသခံ တွေက သက်ဆိုင်ရာ မုဆိုးတွေ မသိအောင် နည်းမျိုးစုံနဲ့ သတင်းပို့တာတွေ ရှိတယ်။ ဒါပေမယ့် ဖမ်းမိတာ မရှိ ဘူး“ ဟု ပြောသည်။
ယခင်က ပုသိမ်ခရိုင်ရှိ သစ်တောများအတွင်း တောဆင်ရိုင်းများအား ကာကွယ်စောင့်ရှောက်သည့် စခန်းကြီး ၃ ခု ထားရှိပြီး ဆောင်ရွက်ခဲ့ရာ ဆင်သတ်မုဆိုးများကို မကြာခဏ ဖမ်းဆီးရမိမှုများရှိခဲ့သော်လည်း စစ်တပ်က အာ ဏာသိမ်းပြီး နောက်ပိုင်းတွင် ထိုသို့ လုပ်နိုင်ခြင်းမရှိတော့ဘူးဟု တောဆင်ရိုင်း ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ နှင့် နီးစပ်သူအချို့က ပြောသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပုသိမ်မြို့နယ်၊ ချောင်းသာ သစ်တောကြိုးဝိုင်းအတွင်း စွယ်စုံတောဆင် ရိုင်းတစ်ကောင် အသတ်ခံခဲ့ရကာ မတ်လ ၃ ရက်နေ့က ငပုတောမြို့နယ် ဆင်မသစ်တောကြိုးဝိုင်းထဲတွင် ဟန် အမျိုးအစား တောဆင်ရိုင်း တစ်ကောင် အသတ်ခံခဲ့ရသည်။
ထို့အပြင် မတ်လ ၁၅ ရက်နေ့က သာပေါင်းမြို့နယ်၊ ကညင်ချောင်းဖျား သစ်တောကြိုးဝိုင်းကွက်ထဲတွင် တော ဆင်ရိုင်း ၂ ကောင် အသတ်ခံခဲ့ရပြီးနောက် မတ်လ ၂၃ ရက်နေ့က သာပေါင်းမြို့နယ် သစ်တောအတွင်း စွယ်စုံ တောဆင်ရိုင်း အထီး တစ်ကောင် ထပ်မံ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။