စစ်ကောင်စီ လက်နက်ကြီးကြောင်း ကရင်နီ စစ်ဘေးရှောင် ၂ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်။

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသန်း ပစ် ခတ်မှုကြောင့် စစ်ဘေးရှောင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO PDF) တာဝန်ရှိသူများက ပြောသည်။

စစ်ဘေးရှောင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် လူနေအိမ် တစ်လုံးပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

DMO PDF ပြန်ကြားရေး တာဝန်ခံက “အိမ်ပေါ်တည့်တည့် ကျတာ။ အမျိုးသားလည်း သူ့အိမ် ပြန်လာကြည့်တဲ့ အချိန်နဲ့ ဆုံတယ် ထင်တယ်။ ကြည့်ရတာ သူ့မိသားစုလည်း အိမ်မှာ မရှိတော့ဘူး ထင်တယ်။ အိမ်တစ်လုံးလုံး ပျက်စီးသွားတာပေါ့ ရစရာ မရှိဘူး။ လက်နက်ကြီးကျပြီး မိနစ်ပိုင်းလောက်မှ ကျနာ်တို့ ရောက်လာတာပေါ့ နော်။ နဂိုကတည်းက ကျပြီဆိုရင် ကျနော်တို့သွားပြီး ထိခိုက်ဒဏ်ရာရတဲ့ လူတို့ ဘာတို့ ဆေးဝါးကုသမှု ကယ် ဆယ်ရေး လုပ်ပေးရတာပေါ့နော်။ ရွာနာမည်တော့ လုံခြုံရေးအရ ပြောလို့ မရဘူး။ ကျနော်တို့ အမြဲတမ်း ဒီလို ပဲ လုပ်တယ်ပေါ့နော်။ ထိခိုက်ဒဏ်ရာ ပြင်းထန်တဲ့ လူတွေကို စိတ်ချရတဲ့ နေရာမှာ ကုသမှု ခံယူပေးတယ်ပေါ့ နော်” ဟု ပြောသည်။

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီ၏ ငွေတောင် အခြေစိုက်တပ်ရင်းဖြစ်သည့် ခြေမြန်တပ်ရင်း (ခမရ- ၄၂၇) နှင့် ခြေလျင်တပ်ရင်း (ခလရ- ၁၀၂)တို့က ဖေဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နေ့လည် ၁၁ နာရီ ဝန်းကျင် အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးကျည်နှင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

လက်နက်ကြီး ထိမှန်သည့် စစ်ဘေးရှောင် ၂ ဦးမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ပြီး အမျိုးသားဖြစ်သူမှာ ဒဏ်ရာပြင်းထန်၍ စိုးရိမ်နေရသည်ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ပေးနေသူများက ပြောသည်။

ထို့အပြင် လက်နက်ကြီးကျည်ကြောင့် စစ်ဘေးရှောင်များ၏ ဖရဲသီး စိုက်ခင်းအချို့ ပျက်စီးခဲ့ပြီး ကျွဲ၊ နွား၊ ကြက်၊ ဝက် အစရှိသည့် အိမ်မွေး တိရစ္ဆာန်များလည်း ထိမှန် သေဆုံးခဲ့သည်ဟု ဆိုသည်။

လက်နက်ကြီးကျရောက်သည့် ကျေးရွာတွင် စစ်ဘေးရှောင် အချို့နေထိုင်ကြပြီး အခြားရွာများသို့ စစ်ဘေးရှောင် သူများလည်း မကြာခဏ ၎င်းတို့အိမ်ကို ပြန်လာကြည့်လေ့ ရှိသည်ဟု DMO PDF ပြန်ကြားရေး တာဝန်ခံက ပြော သည်။

“စစ်ရှောင်တွေလည်း ရှိတယ်။ အများကြီးတော့ မရှိဘူး။ နည်းနည်းကျဲကျဲနေတဲ့ နေရာလေးပေါ့။ ရာနဲ့ချီတော့ ရှိတယ်။ တစ်စုတစ်ဝေးတည်းတော့ မနေဘူးပေါ့။ တချို့လူတွေက ရွာထဲမှာ ကျန်နေတာ ဖြစ်တဲ့အတွက် တချို့ မိသားစုဝင်တွေက လက်နက်ကြီး ခဏခဏကျတဲ့နေရာ ဖြစ်နေတော့ မိသားစုလိုက် ပြောင်းသွားတာပေါ့နော်။ တချို့လူတွေက ညအိမ်ပြန် စောင့်အိပ်၊ နေ့လည်ခင်း၊ ညခင်း အိမ်ပြန်လာကြည့် အဲလိုမျိုးတွေပေါ့နော်။ စစ် ရှောင် မိသားစုလိုက်တော့ မရှိဘူးပေါ့နော်။ ဈေးရောင်းတဲ့ လူတွေတော့ ရှိတယ်။ ဈေးတန်းမှာ အသီးအရွက်၊ ခြံထွက်သီးနှံလေးတွေ မိုးကာလေးနဲ့ တဲစုတ်လေးနဲ့ ရောင်းကြတဲ့ ဆိုင်ခန်းပေါင်း ၃၀ လောက်တော့ ရှိတာ ပေါ့ နော်”

စစ်ကောင်စီတပ်များသည် မတ်လ ၂၄ ရက်နေ့၊ နေ့လည် ၁၂ နာရီခွဲ ဝန်းကျင် အချိန်ခန့်တွင်လည်း ဒီးမော့ဆို မြို့နယ် အရှေ့ဘက်ခြမ်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်အလုံးရေ ၁၀၀ ကျော် မီးလောင်ပြာကျ ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီက ကရင်နီပြည်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးသည့် နောက်ပိုင်းတွင် လက်နက်ကြီးကျည်များနှင့် ရမ်းသန်း ပစ်ခတ်နေမှုတို့ကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးရှောင် ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁၀ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့်အပြင် အရပ်သားတစ်ဦးလည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရသည်။

ထို့အပြင် ခရစ်ယာန်ဘုရားကျောင်းဝင်း တစ်ခုနှင့် လူနေအိမ် ၂ လုံးအပြင် စစ်ဘေးရှောင်တဲ အမြောက်အမြား လည်း မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များစွာ သေဆုံးခဲ့သည်ဟု DMO PDF တာဝန်ရှိသူများက ပြောသည်။